နေပြည်တော်  ၂၂   သြဂုတ် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့မှ လိုင်လင်းပီမြို့သို့ ဆက်သွယ်ထားသော မတူပီ-လိုင်လင်းပီ လမ်းပိုင်းတွင် ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိနေသော တန်ကူ-ဆုံဆင်း-တင်နမ်-အာရု (၂၆)မိုင်အား လာမည့် ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် မတူပီ - လိုင်လင်းပီလမ်းပိုင်းတွင် ဆက်လက် ဖောက်လုပ်ရန် ကျန်ရှိနေသော တန်ကူ - ဆုံဆင်း - တင်နမ် - အာရု (၂၆)မိုင်အား ဖောက်လုပ်ပေးရန် နှင့်ပတ်သက်၍ ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် တန်ကူ - ဆုံဆင်းကြားရှိ တန်ကူမှ စရောင်းဗားချောင်းအထိ ၂မိုင်အား လမ်းအူကြောင်းပြောင်း၍ လမ်းသစ်ဖောက်လုပ်ရန်အတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ပြည်နယ်ရန်ပုံငွေတွင် ငွေကျပ် ၃၀ ဒသမ ၆၃ သန်းအား လျာထားပြီး ဖြစ်ရာ ရန်ပုံငွေခွင့်ပြုချက်အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ကျန်ရှိနေသည့် လမ်းပိုင်းကို ဆက်လက်ဖောက်လုပ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြရန်လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံ တင်ပြလာပါက ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ တတိယ (၅)နှစ်စီမံကိန်းလျာထားချက်တွင် လုပ်ငန်းဦးစားပေးအစီအစဉ်ဖြင့် အပိုင်းလိုက် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ အမှတ်(၁)ရပ်ကွက်အတွက် စိမ့်စမ်းရေသွယ် ယူပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ခါမ်းပတ်မြို့၊ အမှတ်(၁)ရပ်ကွက် သောက်သုံးရေရရှိရေးသည် မြို့ရေပေးရေးလုပ်ငန်းဖြစ်သည့်အတွက် တည်ဆောက်ရေးကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနှင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေများမှ ကျခံဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းများစီမံဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြေ ရှိ/မရှိ တိုင်းတာခြင်းနှင့် နည်းပညာအကူအညီပေးခြင်း များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် ရန်ပုံငွေလုံလောက်မှုမရှိသည့်အတွက် လျာထားနိုင်ခြင်း မရှိခဲ့သည့်အလျောက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံ၍ ခွင့်ပြုချက် ရရှိပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်ကြား နန်းသလိတ်ချောင်းကူး တံတားအား မြို့နယ်ချင်းဆက် တံတားအဖြစ် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာအုပ်စု၊ ဆင်အိုးဝကျေးရွာအုပ်စုနှင့် ပတိန်တလန်ကျေးရွာအုပ်စုတို့ကြား ဖောက်လုပ်ထားသော မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ရှိ ကျေးရွာများအတွက် သဖန်းဆိပ်(ကင်းတားဆည်) မှ လွှတ်ပေးသော လင်္ကျာတူးမြောင်းကြီးသည် (၁၄)နှစ်ကြာသည်အထိ မြောင်းရေမလာသောကြောင့် မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနတို့မှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော တမံကြီးများကို အန္တရာယ်ကင်း လုံခြုံစိတ်ချရစေရေး မည်ကဲ့သို့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နေသည်ကို သိရှိလိုခြင်း မေးခွန်းတို့ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကလည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်က ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမိုးက သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှကာကွယ်ပေးမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေ ကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက်  လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က ထောက်ခံသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ ရှေးအစဉ် အဆက်အသုံးပြုခဲ့သော ကျေးလက်နေ ပြည်သူများထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက် ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ် ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်းက မိမိတို့ လူသားများအပါအဝင် တိရစ္ဆာန်များ၊ အပင်များသည် ရေမရှိဘဲ အသက်မရှင်နိုင်သည့် အတွက် အဆိုကိုထောက်ခံရခြင်းဖြစ်ပါကြောင်း၊ ငွေကုန်ကြေးကျများမည့် ဆည်ကြီး များ တည်ဆောက်ရန် တိုက်တွန်းထားခြင်း မဟုတ်ဘဲ ကန်ငယ်၊ တမံငယ်များကိုသာ တိုးချဲ့တည်ဆောက်ရန် တိုက်တွန်းထားသည့် အဆိုဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများအတွက် အမှန်တကယ် လက်တွေ့ကျကျ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ ထို့ပြင်  အပူပိုင်းဒေသစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် ရေအရင်းအမြစ်အသုံးချမှုနှင့် စီမံခန့်ခွဲမှုတို့အတွက် အထောက်အကူ ဖြစ်စေသည့် အဆိုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေရှိပြီး 
 ရေရှည်တည်တံ့သည့် စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်ရန် အတွက် ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များ တိုးချဲ့တည်ဆောက်ပေးရန် တိုက်တွန်းထားသည့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ် က မြို့ပြဒေသ များနှင့် ကျေးလက်များတွင် လူဦးရေတိုးတက်မှုနှင့် စီးပွားရေးလုပ်ငန်းများကြောင့် ရေလိုအပ်မှုပမာဏ တိုးတက်မြင့်မားလာပြီဖြစ်သည့်အတွက် အဆိုရှင် တင်ပြလာသည့် ရေအရင်းအမြစ်များ ဘက်စုံစီမံခန့်ခွဲမှု စနစ်ကို လက်တွေ့လုပ်ဆောင်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ရေအရင်းအမြစ် ညစ်ညမ်းမှုပိုမိုများပြားလာခြင်းတွင် အထူးသဖြင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်သော ရေဆိုးများ၊ ရွှေတူးဖော်ခြင်း၊ အခြားသတ္တုထုတ်လုပ်မှု လုပ်ငန်းများ၊ ငါး၊ ပုစွန်နှင့် အခြားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အစရှိသော စီးပွားရေး လုပ်ငန်းများစွာတို့မှ စွန့်ပစ်လိုက်သော ရေဆိုးများ၊ အညစ်အကြေးများကြောင့် ပတ်ဝန်းကျင်တွင် သန့်ရှင်းမှုမရှိဘဲ ယခုအခါ ပြည်သူတို့၏ ကျန်းမာရေးအတွက် အန္တရာယ် ရှိလာပြီဖြစ်ပါကြောင်း၊  ရေနှင့်ဆိုင်သောပြဿနာများကို ဖြေရှင်းရန်အတွက် ပညာရပ်နယ်ပယ်မှ စနစ်တကျစုပေါင်းပါဝင်နိုင်သော နည်းလမ်းများလိုအပ်လျက်ရှိပါကြောင်း၊ ထိုကြောင့် အဖိုးထိုက်တန်လှသော သဘာဝရေမြေများကို ထိန်းသိမ်းကာကွယ်နိုင်ရန် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာဝင်းမြင့်တို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို သြဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ရဲသွင်၊ လူမော်