ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော်  ၂၉  ဇူလိုင် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက် အဦ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မေးခွန်း ၅ ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း ၂ ခု ဆွေးနွေးခြင်းနှင့် အဆို (၁)ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ ပင်စင်ကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းတစ်ဦး ကွယ်လွန်ခဲ့ပါက ၎င်း၏ ကျန်ရစ်သူဇနီး (သို့မဟုတ်) ခင်ပွန်းအား ခွင့်ပြုရာ၌ ညီမျှမှုမရှိသည့်အတွက် ပြင်ဆင်ပေးရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေ သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ -၂၄၉၊ နည်းဥပဒေခွဲ (က)တွင် ကျန်ရစ်သူ တရားဝင်ခင်ပွန်း (သို့မဟုတ်) ဇနီးသည် နောက်အိမ် ထောင်ပြုပါက မိသားစုပင်စင်ခံစား ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း။

မိသားစုပင်စင် ခံစားခွင့်ရရှိသူခင်ပွန်းသည် ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်မတိုင်မီ နောက် အိမ်ထောင်ပြုခဲ့သူဖြစ်ပါက မိသားစုပင်စင် ဆက်လက်ခံစားခွင့် ရရှိနိုင်ပါကြောင်း၊ ယင်းရက်နှင့်နောက်ပိုင်း နောက်အိမ်ထောင်ပြုပါက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၉၊ နည်းဥပဒေခွဲ(က)အရ မိသားစုပင်စင် ဆက်လက်ခံစားခွင့် မရှိပါကြောင်း၊ အဆိုပါ ရက်မှစ၍ နောက်ပိုင်း ကျန်ရစ်သူ တရားဝင်ဇနီး ခင်ပွန်းများ၏ မိသားစုပင်စင် အကျိုးခံစားခွင့်များကို နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဇနီး/ခင်ပွန်း နောက်အိမ်ထောင်ပြုပါက မိသားစုပင်စင်ခံစားခွင့် မရှိစေခြင်းကြောင့် ညီမျှမှုရှိပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ်၌ နွေရာ သီ သောက်သုံးရေ ရှားပါးမှုအတွက် မည်သို့ဆောင်ရွက်ထားသည်နှင့် ရေရှားပါးသော မြို့နယ်များအတွက် ရေဘောက်ဆာ ကားတစ်စီးစီ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နွေရာသီသောက်သုံးရေ ရှားပါးမှုအား ဖြေရှင်းနိုင်ရန် နှစ်စဉ် ရေတိုရေရှည် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။

နွေရာသီ သောက်သုံးရေ ရှားပါးနိုင်သော ကျေးရွာများကို ကြိုတင်ခန့်မှန်းကာ အနီးဆုံးရေအရင်း အမြစ်မှ သောက်သုံးရေဖြန့်ပေးနိုင်ရန် ကြိုတင်စီစဉ်ထားရှိခြင်း၊ ရေ ရှားပါးပြတ်လပ်သည်နှင့် ဆက်သွယ်ရမည့် မြို့နယ်၊ ခရိုင်၊ ပြည်နယ် ကျေးလက်ရုံးများနှင့် ဝန်ထမ်းများ၏ ဖုန်းနံပါတ်များကို ကြိုတင်ဖြန့်ဝေထားခြင်း၊ မြို့နယ်အားလုံးတွင်ရှိသော Mobile ရေသန့်စင်စက်များဖြင့် ကျေးရွာအရောက် သန့်ရှင်းသောသောက်သုံး ရေဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် Mobile ရေသန့်စင် ကားဖြင့် သွား၍ရနိုင်သော ရေရှားပါးသည့် ကျေးရွာများသို့ သွားရောက်ကာ ရေသန့်များ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

ရေရှည်စီမံချက်အနေဖြင့် ရေရှားပါးပြတ်လပ်သော ကျေးရွာများစာရင်းပြုစုကာ ပြည်ထောင်စု/ ပြည်နယ် အစိုးရရန်ပုံငွေများဖြင့် အဆိုပါကျေးရွာများတွင် ဒေသအခြေ အနေအလိုက် တုံကင်တွင်း၊ လက်တူးတွင်းနှင့် မြေသားရေကန် တူးဖော်ပေးခြင်း၊ စိမ့်စမ်း ရေသွယ်လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ပြီးစီးသည့် လျှိုပိတ်ဆည် ၁၉ ခုမှ ကျေးရွာများသို့ ရေသွယ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှိုပိတ်ဆည် ၁၉ ခုမှ ရေပိုက်သွယ်ယူခြင်း လုပ်ငန်းကို လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် UNICEF ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရေရှားပါးသည့် ကျေးရွာများတွင် မြေသား ရေကန်များ တူးဖော်ပေးခြင်းနှင့် အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်တွေမြို့နှင့် မင်းပြားမြို့တို့တွင် ရေ ဘောက်ဆာများ ရှိသော်လည်း ကျန်မြို့များတွင် ရေဘောက်ဆာများ ဝယ်ယူရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရေရှားပြတ်လပ်သည့် ကျေးရွာ၊ ရပ်ကွက် များသို့ ရေဖြန့်ဝေပေးနိုင်ရန် ဂါလန် ၁၀ဝ၀ ဆံ့ ရေသယ်ယာဉ်တစ်စီး ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်တွင် ကျူးကျော်နေသူများအား အောင်ချမ်းသာ အိမ်ရာနေရာ နှင့်ဆက်စပ်နေရာများတွင်သာထားရှိရန်နှင့် အခြားလယ်ယာမြေ နေရာများတွင် အကွက် ရိုက်ရောင်းချနေသည့် တာဝန်ရှိသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိ လိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မင်းဘောကျေးရွာနေ တောင်သူ ဦးကျော်ဝင်းသန်းမှ ၎င်း ပိုင်ဆိုင်သည့် လယ်မြေ ၁၁ ဒသမ ၄၃ ဧကအနက်မှ ၄ ဒသမ ၇၇ ဧကကို ဆင်းရဲနွမ်းပါး ပြီး နေထိုင်စရာမရှိသည့် မအူပင်-ဖျာဖုံ ကားလမ်းဘေးရှိ ကျူးကျော်နေထိုင်သူများ၊ မအူပင်မြို့နှင့် ပတ်ဝန်းကျင်မြို့များသို့ ဆက်စပ်သော ကားလမ်းဘေးရှိ ကျူးကျော်သူများ နှင့်  ဝင်ငွေနည်းပါးပြီး နေထိုင်စရာ အခက်အခဲရှိသည့် နိုင်ငံ့ဝန်ထမ်းများကို တန်ဖိုးနည်း ပါးသည့်နှုန်းထား အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး လျှောက်ထားခဲ့ပါကြောင်း။

၎င်းလယ်မြေ ၄ ဒသမ ၇၇ ဧကကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှုသည် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ကျူးကျော်နေအိမ်များ ရှင်းလင်းရေးတွင် အကူအညီ အထောက်အပံ့ဖြစ်ခြင်း၊ မအူပင်မြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်း တည်ရှိနေ ခြင်း၊ မအူပင်စက်မှုဇုန်နှင့် နီးကပ်ပြီး  Town Plan ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ထည့်သွင်း ဆောင်ရွက်နိုင်ခြင်းကြောင့် လျှောက်ထားရမည့် နည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားသူကိုလည်း အခြားနည်းအသုံးပြုခွင့် မရရှိမီ လုပ်ငန်းဆောင် ရွက်ခြင်းမပြုရန် ညွှန်ကြားထားပါကြောင်း၊ လက်ရှိမြေပြင်တွင် အကွက်ရိုက်ခြင်း၊ လူနေထိုင် ခြင်းများ မရှိသေးပါကြောင်း၊ ခွင့်ပြုချက်ရရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

အောင်ချမ်းသာအိမ်ရာသည် မအူပင်မြို့နယ်၊ ကွန့်စုကျေးရွာအုပ်စု၊ တမံလေး ကျေးရွာရှိ ဧရိယာ (၂၃)ဧကအတွင်း တည်ရှိပါကြောင်း၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်း၊ သိုက် ကုန်း ကျေးရွာချင်းဆက် လမ်းဘေးတွင်တည်ရှိပြီး ယခင်အစိုးရအဖွဲ့ လက်ထက်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြို့နှင့် (၃)မိုင်ခန့် ကွာဝေးပြီး ပတ်ဝန်းကျင်နှင့် နီးစပ်ရာ ကျေးရွာများမှသာ အများစုလာရောက်နေထိုင်ကြပါကြောင်း၊ ၎င်းနေရာသည် လယ်မြေ မျိုးဖြစ်သော်လည်း အခြားနည်းအသုံးပြုခွင့်ကို လျှောက်ထားခဲ့ခြင်းမရှိပါကြောင်း၊ ယင်းကို  လယ်ယာမြေဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

mdn

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ကျယ်ဝန်းသည့် နေရာသို့ဖြစ်စေ၊ ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်၏ ချင်းပြည်နယ် တီးတိန် မြို့နယ်၊ ခိုင်ကမ်းမြို့တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး ဖွင့်လှစ်ပေး ရန်နှင့် ရုံးအဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် အခြေခံပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်တို့က ပြင်ဆင်၊ ဖြည့်စွက် လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့် အကြောင်းအရာ များကို ဆွေးနွေးတင်ပြကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်သွားရန် ဆုံးဖြတ်သည်။

ဆက်လက်၍ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းလွင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးတို့က ပြင်ဆင်၊ ဖြည့်စွက် လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့် အကြောင်းအရာ များကို ဆွေးနွေးတင်ပြကြသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်သွားရန် ဆုံးဖြတ်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း တင်သွင်းထားသည့် ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန်၊ စီးပွားရေး တွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန်၊ နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချ နိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် အိမ်တွင်း စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန် အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေ ကြေး ရှာဖွေပေးခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော် ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုနှင့်စပ် လျဉ်းပြီး ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်က စီးပွားရေးနှင့်လူမှုရေး တွင် အမျိုးသမီးများကိုယ်တိုင် ပါဝင်နိ်ုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြှင့်ရန် အတွက် အမျိုးသမီးများအတွက် ဆောင်ရွက်သည့် သီးသန့်အစီအစဉ်နှင့် သီးသန့် ရန်ပုံငွေများ ရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ချေးငွေအပိုင်းတွင်လည်း အမျိုးသမီးများ လက်လှမ်းမီသည့် ချေးငွေများဖြစ်ရန် လိုအပ်ပါကြောင်း၊ အမျိုးသမီးများ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေရရှိအောင် ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက ကျေးလက်နေ အမျိုးသမီးများသည် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေကြပါကြောင်း၊ မိမိတို့နိုင်ငံ သည် တစ်ဖက်တွင် ပြဿနာဖြေရှင်းနေရပြီး တစ်ဖက်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေရသည့်အတွက် လိုအပ်ချက်များစွာ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ် ချမှတ်ရန်လိုအပ်သည့်အပြင် အကောင်အထည်ဖော်ဆောင်ရမည့် အဆင့်ဆင့်သော တာဝန်ရှိသူများ၏ အမျှော်အမြင် ရှိမှု၊ ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ဖော်ဆောင်နိုင်စွမ်းများ ရှိရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။

အလားတူ အဆိုနှင့်စပ်လျဉ်းပြီး ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်တို့က အစိုးရ၊ လွှတ်တော်၊ ပြည်သူ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပူးပေါင်းဆောင်ရွက် သင့်သည့်အချက်များကို ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဆွေးနွေး ခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆဋ္ဌမနေ့ အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လူကျော်(သတင်းစဉ်)