နေပြည်တော် ၅ စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ ပင်စင်တစ်စိတ်တစ်ပိုင်း လဲလှယ်ထုတ်ယူခဲ့ကြသည့် ပင်စင်စားကြီးများ၏ ထုတ်ယူရရှိငွေကို နှစ်ပေါင်းများစွာ ဆက်လက်ခုနှိမ် ဖြတ်တောက်ခံနေရခြင်းကိစ္စကို ပယ်ဖျက်ခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တစ်လုံးတည်းပင်စင် လဲလှယ်ထားမှုများအပေါ် နှစ်ပေါင်းများစွာ ဆက်လက်ခုနှိမ် ဖြတ်တောက်နေခြင်း မဟုတ်ပါကြောင်းနှင့် ပင်စင်စားသည် တစ်လုံးတည်းပင်စင် လဲလှယ်ခဲ့ပါက လဲလှယ်သည့်အချိန်မှစ၍ အပြီးအပြတ် ရပ် ဆိုင်းသွားခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်လုံးတည်းပင်စင်လဲလှယ်ခဲ့သူများသည် မြို့ပြပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေအရ တစ်လုံးတည်းပင်စင်လဲလှယ်ထုတ်ယူခဲ့သည့် ငွေပမာဏကို ပင်စင်လစာထုတ်ယူခွင့်ရှိသည့် ကာလတစ်လျှောက်လုံး ဆက်လက်ခံစားခွင့် မရှိတော့သည့်အပြင် နောက်အိမ်ထောင်မပြုသည့် ကျန်ရစ်သူဇနီး သို့မဟုတ် ခင်ပွန်းတို့အား ခွင့်ပြုသည့် မိသားစုပင်စင်တွင်လည်း ဆက်လက်ခံစားခွင့် မရှိခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများသည် ဘဏ္ဍာငွေမည်မျှအထိ သုံးစွဲကူညီ ပေးနိုင်သည်နှင့် မည်သို့ စီမံခန့်ခွဲပေးနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုသင်တန်းများ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်နှင့် ရိုးရာဓလေ့ပွဲတော်များအတွက် ထောက်ပံ့ခြင်း၊ တိုင်းရင်းသားစာပေဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းများပေးခြင်း၊ တိုင်းရင်းသားစာပေ ပုံနှိပ်ဖြန့်ဝေခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဆုချီးမြှင့်ခြင်းများအတွက် ထောက်ပံ့ခြင်း၊ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးတွင် ဆလုံတိုင်းရင်းသားများအတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထောက်ပံ့ခြင်းများ၊ ပဲခူးတိုင်းဒေသကြီးတွင်ရှိသည့် ကျေးလက်လမ်း ပြုပြင်ခြင်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကျေးလက်ဖွွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရန်ပုံငွေများနှင့် ပညာရေးကဏ္ဍမြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြင့်မားစေရေးအတွက် ရန်ပုံငွေများ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ဆောင်ရွက်နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆောက်လုပ်ရေး စသည့် လုပ်ငန်းများသည်လည်း တိုင်းရင်းသားများအတွက် ဆောင်ရွက်နေသော လုပ်ငန်းများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးတို့အတွက် ရန်ပုံငွေတောင်းခံခြင်း မပြုဘဲ အဆိုပါ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ညှိနှိုင်းခြင်းများဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရှိ သစ်ပင်ပန်းမန်ဌာန ဝန်ထမ်းအိမ်ရာအား မည်ကဲ့သို့ အသုံးပြုမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က  အမှတ်(၃) လမ်းမကြီး၊ ပြည်လမ်း (လေဆိပ်လမ်းအထိ)၊ ပျဉ်းမပင်ရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ ဘိုခြံရပ်ကွက်၊ ရွှေနှင်းဆီရပ်ကွက်နှင့် ခရေပင်လမ်းတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန် - ပဲခူး (လမ်းဟောင်း)ရှိ မြို့နယ်တာဝန်ခံရုံးသို့ပြန်ရန် ဝေးကွာသဖြင့် မြေပြင်သန့်ရှင်းရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယခုနေရာတွင် ဝန်ထမ်းလိုင်းများဆောက်၍ ရုံးခွဲအနေဖြင့် ထားရှိတည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါ ၎င်းဝန်ထမ်းလိုင်းများတွင် သန့်ရှင်းရေးဝန်ထမ်းများ နေထိုင်နေပြီဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရှိရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာလမ်းဆုံတွင် တပ်ဆင်ထားသော မီးပွိုင့်သည် စတင်တပ်ဆင်သည့် အချိန်မှစ၍ ယနေ့အထိ အသုံးပြုနိုင်ခြင်းမရှိဘဲ ဖြစ်နေခြင်းအား မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ကလည်းကောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်ရှိ မိုးညှင်းဒီဂရီကောလိပ်အား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်း အောင်ချက်အနိမ့်ပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည်နေရသည့် အကြောင်းအရင်းများကို သိရှိလိုခြင်းနှင့် လာမည့် ၂၀၂၀ ခုနှစ်တွင် အောင်ချက်မြင့်တက်လာစေရန် မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့်ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးအား RCC (၂) ထပ်ဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်း ကောင်းပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့် ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က အဆိုရှင်တင် ပြသည့်လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် လူသားအရင်းအမြစ်အပါအဝင် အခြားအရင်းအမြစ်များကို ကောင်းစွာစီမံခန့်ခွဲနိုင်သည့် စီမံအုပ်ချုပ်မှုစနစ်တစ်ခုကို ဦးစွာလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ရှေ့ပြေးစီမံချက် တစ်ခုကို ဆောင်ရွက်ပြီးမှသာ ယင်းစီမံချက်မှရလာမည့် အချက်အလက်များအပေါ် မူတည်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဘက်ပေါင်းစုံမှပါဝင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီး မူဝါဒ၊ မဟာဗျူဟာများ၊ လုပ်ထုံးလုပ်နည်းများ၊ ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် ဘတ်ဂျက်လိုငွေသည် များစွာမြင့်မားနေသည့်အတွက် အဆိုပါ အစီအစဉ်ကို အချိန်ယူ၍ သေချာစွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တခြားနိုင်ငံများ၏  အတွေ့အကြုံကိုလည်း အတုယူ၍ မည်သို့ပြင်ဆင်၍ ကြိုတင်ဆောင်ရွက်ရမည်ကို လေ့လာမှုများစွာ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက ကျောင်းသားချေးငွေအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ချေးငွေပြန်လည် ရရှိရေးအစီအစဉ်သည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဘွဲ့ရပြီး အလုပ်အကိုင်ရရှိရန် သေချာသည့် တက္ကသိုလ်၊ ဘာသာရပ်များကို ဦးစားပေး၍ ချေးငွေပေးလေ့ရှိပြီး ချေးငွေနှင့် အတိုးငွေ ပြန်လည်ပေးဆပ်ရန်အတွက် လုပ်ခလစာမှ သတ်မှတ်သည့် ရာခိုင်နှုန်းကို ဖြတ်ယူခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဘွဲ့ရပြီး လစာရသည့် အလုပ်ရရှိ ပါသော်လည်း တည်တံ့သည့် အလုပ်ဌာနနှင့် လစာရသူအများစုမဟုတ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေပြန်လည်ကောက်ခံရမှု အစီအစဉ်များ ချမှတ်ရန်အတွက် အခက်အခဲများစွာ ရှိနိုင်မည်ဖြစ်ပါကြောင်း၊ အခြားချေးငွေများကဲ့သို့ အာမခံ၊လူ၊ ပစ္စည်းများမပါဝင်သည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်၊ ဘဏ်များ၏ စိတ်ဝင်စားမှုနှင့် ပါဝင်မှုရရှိရန် ခက်ခဲနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တာဝန်ယူလုပ်ဆောင်ပေးရန်မှာလည်း အခက်အခဲများစွာရှိပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးတို့ကလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို လွှတ်တော်ကိုယ်စားလှယ်အားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍတွင် မဟာဗျူဟာ(၃)ချက်ရှိပါကြောင်း၊ အဆိုပါ (၃)ချက်အနက် မဟာဗျူဟာ(၃)၏ လုပ်ငန်းအစီအစဉ်(၂)တွင် ကျောင်းသားထောက်ပံ့ရေးအစီအစဉ်များ တိုးမြှင့်ဆောင် ရွက်ခြင်းကို သတ်မှတ်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မဟာဗျူဟာအနေဖြင့် ငွေချေးခြင်းကို ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးမဟာဗျူဟာရည်မှန်းချက်မှ  ကျောင်းသားထောက်ပံ့ရေးအစီအစဉ်များ တိုးမြှင့်ခြင်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှု အပေါ်မူတည်၍ နှစ်စဉ် တိုးမြှင့်ဆောင်ရွက်လျက် ရှိနေသည့်အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် အဆိုရှင် ဒေါ်ထုမေက အဆိုကို လွှတ်တော်က မဲခွဲဆုံးဖြတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် သဘောတူ၊ မတူ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲ၊ ကြားနေမဲ ၂၂ ဖြစ်ပြီး ကန့်ကွက်မဲများသဖြင့် အဆိုကိုအတည်မပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ ဟန်မော်