ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၃၁ ဇူလိုင် 

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မေးခွန်း ၄ ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေး ခြင်းနှင့် အဆို (၁)ခု ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကို အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ၂၀၁၉ - ၂၀၂၀ စာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ် ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၅၆၅၁)ကျောင်းကို ကျောင်း အဆင့် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ထားသော ကျောင်းသား ကျောင်းသူဦးရေမှာ (၂၄၀)ဦးဖြစ်ပါကြောင်း၊ သွားရေးလာရေးခက်ခဲ့သည့် ဒေသဖြစ်ပါက အနီးဆုံးအလယ်တန်းဆင့်သင်ကျောင်းနှင့် (၂)မိုင်အထက် ကွာဝေးရမည်ဖြစ်ပြီး သွားရေးလာရေးလွယ်ကူသည့် ဒေသဖြစ်ပါက (၃)မိုင်အထက် ကွာဝေးရမည်ဖြစ်ပါကြောင်း။

ဖားအောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်းဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦး သာရှိပါကြောင်း၊ အနီးဆုံး အလယ်တန်းဆင့်သင်ကျောင်းဖြစ်သော ကော့ခမယ်- အခြေခံ ပညာအထက်တန်းကျောင်းနှင့် (၁)မိုင်ခန့်သာကွာဝေးပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါကြောင်း ဖြေကြားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပိတောက်ခေါင်းကျေးရွာအုပ်စု မေဂွန်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းအား အရေးပေါ် အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေဂွန်ကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်း ပေ(၁၂၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင်၏ အမိုး၊ ဒိုင်း၊ မြားတန်း၊ မျက်နှာကြက် ၊ အခင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောရန်ပုံငွေကျပ် ၂၃ ဒသမ ၈၆၈ သန်းကို ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်တွင် ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မြန်မာနိုင်ငံအတွင်းရှိ အခြေခံ ပညာကျောင်းများ၌ လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များကို တင်ပြတောင်းခံရာတွင် တွက်ချက်မှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတွက် တစ်ပြေးညီ မူဝါဒတစ်ခု ချမှတ်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာနအနေဖြင့် အခြေခံပညာကျောင်းများ၊ ရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာကြည့်တိုက် များ၊ သိပ္ပံဆောင်များ၊ ကျောင်းခြံစည်းရိုးနှင့် သန့်စင်ခန်းများအတွက် Detail Drawing များ ရေးဆွဲပြုစုထားပြီး နှစ်စဉ် “အခမဲ့” ဖြန့်ဝေပေးလျက်ရှိပါကြောင်း။

ထို့ပြင် ဒေသအခြေအနေအရ ပုံစံပြောင်းလဲဆောက်လုပ်ရန် လိုအပ်ပါကလည်း ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ငွေကြေးအကုန်အကျခံပြီး Detail Drawing များ ရေးဆွဲတင်ပြစရာ မလိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်"ကို ရေးဆွဲပြုစုထား ပြီးဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက်အရ တစ်ပြေးညီစံနှုန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ မြန်မာနိုင်ငံတွင် နိုင်ငံခြားအကူအညီ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီဖြင့် ပူးပေါင်းဖွင့်လှစ်သင်ကြား သော AGTI/GTC အဆင့် စက်မှုသိပ္ပံကျောင်းပေါင်း မည်မျှရှိသည်နှင့် ရခိုင်ပြည်နယ်တွင် ယင်းကဲ့သို့ ကျောင်းအမျိုးအစား တစ်ကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစိုးရနည်းပညာ အထက်တန်းကျောင်း(စစ်တွေ)နှင့် ဂျာမနီနိုင်ငံ(GIZ)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မေအတွင်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ လျှပ်စစ်သွယ်တန်း ခြင်းသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် အခြေခံ ကွန်ပျူတာသင်တန်းတို့အား ဖွင့်လှစ် သင်ကြားပေးခဲ့ပါကြောင်း။

ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအားလုံး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်မည့် အခွင့်အလမ်းများ တစ်ပြေးညီရရှိစေရေးအတွက် ရွေ့လျားကာလတို သက်မွေးပညာ သင်တန်းများကို ILO နှင့်ပူးပေါင်း၍ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးခဲ့ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျောင်းသစ်တစ်ကျောင်း ပူးပေါင်းဖွင့်လှစ်ရန် ကမ်းလှမ်းလာပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ သဘောတူခွင့်ပြုချက်၊ ဒေသ၏ လိုအပ်ချက်များနှင့်အညီ စီစဉ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ထို့နောက် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ပြည်တွင်းထုတ်ကုန်များ တိုးတက်များပြားလာစေရန်၊ ပြည်တွင်းဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးတက်စေရန်အတွက် အခွန်လျှော့ပေါ့ခြင်း၊ စာချုပ်များ၌ ဖြေလျှော့ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အချို့သောကုန်စ္စည်းများကို အခွန်မြှင့်တင်ခြင်းဖြင့်ဖြစ်စေ၊ ပို့ကုန်များကို အခွန်လျှော့ပေးခြင်းဖြင့်ဖြစ်စေ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကို ကာကွယ်နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ ပြည်တွင်း ထုတ်လုပ်မှုစရိတ်ကို သက်သာစေပြီး ထုတ်ကုန်အရေအတွက် တိုးတက်စေခြင်းနည်းလမ်း၊ ပို့ကုန်မြှင့်တင်ခြင်းနည်းလမ်းတို့ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များကို အားပေးလိုပါကြောင်း ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်အဖြစ်ပါဝင်ရန် အကြံပြုလိုပါကြောင်း၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဆောင်ရွက်ရန်အတွက် ဥပဒေပညာရှင် တစ်ဦးပါဝင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်တွင်းပြည်ပ ကုန်သွယ်လုပ်ငန်း လုပ်ကိုင်သူများ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး ပါဝင်ရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ထို့အတူ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲတင့်အောင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးတို့က ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ဆွေးနွေးတင်ပြကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း တင်သွင်းထားသည့် ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန် စီးပွားရေး တွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ အိမ်တွင်း စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန် အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေ ကြေး ရှာဖွေပေးခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဝင်းဇော်က အလုပ်လုပ်နိုင်သည့် နိုင်ငံသားအားလုံးနီးပါးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ရန်ဆိုသည်မှာ ဈေးကွက်စီးပွား ရေးစနစ်နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးပြီးဖြစ်သည့် နိုင်ငံများတွင်လည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်နေပါကြောင်း၊ အလုပ်လက်မဲ့များ၏ အဓိကစိန်ခေါ်မှုမှာ နည်းပညာနှင့် အရင်းအနှီးဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးမူဝါဒနှင့် စီးပွားရေးပညာ နည်းပါးခြင်းသည် လည်း အရေးပါနေပါကြောင်း ဆွေးနွေးသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က မူဝါဒများသည် လက်တွေ့အနေအထားဖြင့် ကိုက်ညီရန် လိုအပ်ပါကြောင်းနှင့် ကျား/မရေးရာကို အလေးထား ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ၏ အသက်မွေး ဝမ်းကျောင်းပညာရပ်များနှင့် လက်မှုပညာရပ်များတွင် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများ ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ထို့အတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်တို့က ကျေးလက်နေအမျိုးသမီးများအတွက် အိမ်တွင်းစီးပွားရေး လုပ်ငန်းများ အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ရှာဖွေပေးခြင်း၊ ဈေးကွက်ဖော် ဆောင်ပေးခြင်း စသည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နေရပ်စွန့်ခွာ၍ ရေခြားမြေခြားအလုပ်သွားလုပ်ခြင်းကို လျော့ချနိုင်ရန် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် မြစိမ်းရောင် ကျေးရွာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲများနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ၍ ဈေးကွက်ဖော်ထုတ် ရှာဖွေပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်က မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှု စီမံကိန်းပါ မဏ္ဍိုင် (၃)ရပ်နှင့်အညီ ဝန်ကြီးဌာနအသီးသီးမှ မိမိတို့ လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်းနှင့် Mechanisms အောက် တွင် အဆင့်လိုက် ပါဝင်စီမံထားရှိပြီး ဖြစ်သည့်အတွက် အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ဆန္ဒရယူရာ ထောက်ခံဆန္ဒမဲများသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းက ရှေးအစဉ်အဆက် အသုံးပြုခဲ့သော ကျေးလက်နေပြည်သူများ ထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ် တိုးချဲ့တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကိုတင်သွင်း သည်။

ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေး သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စားရင်း ပေးပို့ကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာထားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လူကျော်(သတင်းစဉ်)၊ ဓာတ်ပုံ- ထိုက်ထိုက်