နေပြည်တော် ၈ သြဂုတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးကင်းရှိန်၏ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇) မြို့နယ်ရှိ အိမ်မွေး ဇီဝဇိုးငှက်များ မွေးမြူသူများကို နိုင်ငံတော်အစိုးရမှ မည်သည့်လတွင် စာချုပ်ချုပ်ဆိုပြီး မည်သည့်နှစ်တွင် အခွန်ငွေ စတင်ကောက်ယူမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၏ မကြာခဏပေါက်ကွဲမှု ဖြစ်ပေါ်လျက်ရှိပြီး လူအသေအပျောက်ရှိသော မြေအောက်သတ္တုတွင်း လုပ်ကွက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများသည် ဝင်ငွေရရှိရန်နှင့် နိုင်ငံတော်အတွက် အခွန်ငွေများရရှိရန် ရည်ရွယ်၍ အိမ်မွေးငှက်သိုက်ထုတ်လုပ်ခြင်းလုပ်ငန်းကို စာချုပ်ချုပ်ဆို၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ခွင့်ပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်မွေးငှက်သိုက်လုပ်ငန်းရှင်နှင့် တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးတို့ စာချုပ်ချုပ်ဆို၍ အိမ်မွေးငှက်သိုက်လုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါကြောင်း၊ နှစ်ဦးသဘာတူစာချုပ် ချုပ်ဆိုပြီးသည့် ငှက်သိုက်အိမ်များတွင် ငှက်သိုက်စွဲကပ်ထွက်ရှိသည့် ငှက်သိုက်အိမ်၊ ငှက်သိုက် အနည်းအကျဉ်းသာ စွဲကပ်သည့် ငှက်သိုက်အိမ်နှင့် ဇီဝဇိုးငှက်များ လာရောက်သော်လည်း ငှက်သိုက်စွဲကပ်မှု မရှိသေးသည့် ငှက်သိုက်အိမ်တို့အသီးသီးရှိရာ စာချုပ်ချုပ်ဆိုပြီးပါက ငှက်သိုက်ထွက်ရှိမှုအပေါ် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းနှင့် အခွန်တော်ငွေ စတင်ကောက်ခံပါကြောင်း၊ ၂၅ ရာခိုင်နှုန်း အခွန်တော်ငွေကောက်ခံမှုမရှိပါကြောင်း၊ ငှက်သိုက်စွဲကပ်မှုမရှိသေးသော ငှက်သိုက်အိမ်များကို စာချုပ်ချုပ်ဆိုပြီးသော်လည်း အခွန်ကောက်ခံခြင်းမပြုသေးဘဲ အမှန်ငှက်သိုက်ထွက်ရှိလာသည့်အချိန်မှသာ အခွန်ငွေစတင်ကောက်ခံပါကြောင်း၊ ရရှိသည့် အခွန်ငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရငွေစာရင်းသို့ စာရင်းပေးသွင်းလျက်ရှိပါကြောင်း။
မကြာခဏပေါက်ကွဲမှုဖြစ်ပေါ်လျက်ရှိပြီး လူအသေအပျောက်ရှိသော မြေအောက် သတ္တုတွင်းလုပ်ကွက်များနှင့် စပ်လျဉ်း၍ ၁၉၉၄ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ကာ ပုဂ္ဂလိကသို့ ဓာတ်သတ္တုလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအနေဖြင့် သံလျင် ခဲမဖြူသန့်စင်စက်ရုံတစ်ခုသာ ကျန်ရှိပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် နိုင်ငံပိုင်သတ္တုတွင်းများကို ပုဂ္ဂလိကကုမ္ပဏီများသို့ လွှဲပြောင်းဆောင်ရွက်ခွင့်ပေးခဲ့ရာ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများကိုပါ တစ်ပါတည်းလွှဲပြောင်းပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကသတ္တုတူးဖော်ခြင်းလုပ်ငန်းများ စတင်ခွင့်ပြုချိန်တွင် လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုများနည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းများ၌ ကျွမ်းကျင်ပညာရှင်များ ခန့်ထားမှုနည်းပါးခြင်း၊ တူးဖော်မှုလုပ်ငန်းများ မြေအောက်အနက်ပိုင်းအထိ တိုးချဲ့ထုတ်လုပ်လာရခြင်းတို့ကြောင့် လုပ်ငန်းခွင်မတော်တဆဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာခဲ့သည်ကို တွေ့ရှိရပါကြောင်း။
မတော်တဆထိခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အပေါ်မူတည်၍ သက်ဆိုင်သည့် အင်ဂျင်နီယာ၊ ပညာရှင်များကို အဖွဲ့ဝင်အဖြစ်ထည့်သွင်းဖွဲ့စည်း၍ စစ်ဆေးခြင်းနှင့် သုံးသပ်အကြံပြုခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ္တုတူးဖော်မှုလုပ်ငန်းများတွင် မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားပါက ဖြစ်စဉ်ဖြစ်ပွားသည့်အချိန်မှစ၍ လုပ်ကွက် ကိုရပ်နားစေပြီး ဖြစ်စဉ်အခြေအနေပေါ်မူတည်၍ မြန်မာ့သတ္တုတွင်းဥပဒေ အခန်း (၉)၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းပုဒ်မ ၂၈ နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေပေါ်မြေအောက် သတ္တုလုပ်ကွက်များတွင် မြေပြိုကျမှုနှင့် အခြားလုပ်ငန်းခွင်ဘေးအန္တရာယ်များ ဖြစ်ပွားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေး ညွှန်ကြားချက်များကို နှစ်စဉ်မိုးရာသီမတိုင်မီ ကြိုတင်ဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေအောက် ကျောက်မီးသွေးတွင်းများသည် လုပ်ငန်းခွင်ဘေးအန္တရာယ် များပြားသည့်အတွက် (Standard Operating Procedures – SOP ) နှင့်အညီ ဆောင်ရွက်နိုင်ရေးကို ကုမ္ပဏီများသို့ ညွှန်ကြားချက်ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ် ကျေးရွာများရှိ အထက်တန်းကျောင်းများ၌ လိုအပ်နေသော ဆရာ/ဆရာမများ လုံလောက် စွာခန့်အပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဝန်ထမ်းလိုအပ်ချက် ဖြည့်တင်းပေးနိုင်ရေးနှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသားကျောင်းသူများအား ပညာရေးကောလိပ် ဝင်ခွင့်ရမှတ်ကို ဖြေလျှော့ပေးပြီး တက်ရောက်သင်ကြားခွင့်ရရှိရေး (အထူးဒေသ) အဖြစ် စဉ်းစားပေး၍ စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)မှ ဦးကျော်တုတ်၏ တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲ ရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့်စနစ် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုခြင်းမေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးလားလ်မင်းထန်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးကျော်ထွေး၏ နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ မွေးထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၊ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးအေးဗိုလ်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုး (ခ) သန်းစိုး(ဘောဂဗေဒ) တို့က ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်းက ပုဂ္ဂလိက ပညာရေးဥပဒေပေါ်ပေါက်ရန် အမြန်ဆုံးကြိုးပမ်းရန်လိုအပ်ပါကြောင်း၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရေး ဆောင်ရွက်ပေးရန်လို အပ်ပါကြောင်း၊ တစ်နည်းအားဖြင့် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ အဆိုရှင်၏ နိုင်ငံခြားတက္ကသိုလ်(သို့မဟုတ်) မိမိကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချနေသည့် ပုဂ္ဂလိကကျောင်းများ အရည်အသွေးအဆင့်အတန်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းတို့မှ ထုတ်ပေးသည့် ဘွဲ့လက်မှတ်များနှင့် အောင်လက်မှတ်များကို စိစစ်နိုင်မည့်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေးက မြန်မာနိုင်ငံတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ခဲ့သကဲ့သို့ အခြေခံပညာရေးဥပ ဒေမူကြမ်းပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေးကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကို ပန်းတိုင်အဖြစ် မဟာဗျူဟာအပြောင်းအလဲ ၉ ရပ်ချမှတ်နိုင်ခဲ့ပါကြောင်း၊ အရည်အသွေးစစ်မှန်မှုမသေချာဘဲ မြန်မာ့ပညာရေးလောကသို့ နိုင်ငံခြားတက္ကသိုလ်အဖွဲ့အစည်း အမည်များအသုံးပြု၍ ဝင်ရောက်နေရာယူ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီဖွဲ့စည်းပြီး ဖြစ်သော်လည်း ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်မှုမရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
သတင်းစဉ်