ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ၂   သြဂုတ် 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ၅ ခုမေးမြန်းဖြေကြားခြင်းနှင့်  ဥပဒေကြမ်း တစ်ခုဆွေးနွေးခြင်းတို့ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ နိုင်ငံတော်၏ငွေကြေးကဏ္ဍ အခြေအနေ ပွင့်လင်းမြင်သာစေရေးအတွက် နိုင်ငံတော်၏ အရန်နိုင်ငံခြားသုံးငွေ (Foreign Exchange Reserve) ၊ အရန်ရွှေပမာဏ (Gold Reserve) နှင့် ငွေကြေးဖောင်းပွမှုညွှန်းကိန်း (Inflation Index) တို့ကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း က နိုင်ငံတကာခေါ်ဝေါ်သုံးစွဲမှုနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၅၈) တွင် ဖော်ပြချက်များအရ နိုင်ငံခြားသီးသန့်သုံးငွေ (Foreign Exchange Reserves) တွင်  အဓိကအားဖြင့် အပိုင်း ၂ ပိုင်းပါဝင်ပါကြောင်း၊ ပထမအပိုင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဘဏ်များ၏ လက်ဝယ်တွင် ငွေသားအဖြစ်လည်း ကောင်း၊ ပြည်ပရှိ ၎င်းတို့၏ အဆက်အသွယ်ဘဏ်များရှိ ဘဏ်စာရင်းတွင်လည်းကောင်း ထားရှိသည့် နိုင်ငံခြားငွေပိုင်ဆိုင်မှုစုစုပေါင်းဖြစ်ပါကြောင်း၊ ဒုတိယပိုင်းသည် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ပိုင်ဆိုင်သည့် နိုင်ငံခြားငွေအဖြစ်အသိအမှတ်ပြုခံရသည့် ရွှေ (Monetary Gold Holding) ဖြစ်ပါကြောင်း၊ ၎င်းတို့ ၂ ရပ်ပေါင်းကို နိုင်ငံတော်၏ နိုင်ငံခြား သီးသန့်ငွေ(Foreign Exchange Reserves)  ဟုခေါ်ပါကြောင်း။


နိုင်ငံတော်၏နိုင်ငံခြားသုံးသီးသန့်ငွေ ပြောင်းလဲမှုအခြေအနေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၃)လ တစ်ကြိမ် ထုတ်ပြန်သည့် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်း (Quarterly Financial Statistics Bulletin )  တွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊  အဆိုပါ Bulletin တွင် စီးပွားရေး၊ ငွေကြေးနှင့် ငွေရေးကြေးရေးဆိုင်ရာအချက်အလက်များ စွာပါဝင်ပြီးစာအုပ်အဖြစ်ထုတ်ဝေခြင်းဖြင့်လည်ကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် ဖော်ပြခြင်းဖြင့်လည်းကောင်း အများပြည်သူသိရှိနိုင်ရန်စီစဉ်ဆောင်ရွက် ထားပါကြောင်း။


ငွေကြေးဖောင်ပွမှုနှုန်း( Inflation Rate ) ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ "လစဉ်စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ" အဖြစ်ပြုစု၍ ထုတ်ပြန်ပေးလျှက်ရှိပါကြောင်း၊ ၎င်းတို့၏ Website ဖြစ်သည့် www.mmsis.gov.mm တွင်ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှထုတ်ပြန်သည့် Bulletin တွင် လည်း (၃)လပတ်အလိုက် ဖော်ပြသည့် ငွေကြေးဖောင်းပွမှုကိန်းဂဏန်းများကို စားသုံးသူဆနှုန်းကိန်းဖြင့် ဖော်ပြထားပါကြောင်း ရှင်းလင်းဖြေ ကြားသည်။


ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း ၏ ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့  မြို့မရဲစခန်း အဆောက်အဦးကို  အသစ်ဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂) မှ ဦးစိုင်းစံအောင် ၏ ရှမ်းပြည်နယ် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်ရှိ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲဝန်ထမ်း အိမ်ရာကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြင်ဆင် ဆောက်လုပ်ပေးမည်ကိုသိရှိလို ခြင်းမေးခွန်း ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိပြုံး ၏ မှုခင်းသတင်း ပရဟိတအဖွဲ့ ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်အဆင့်ဆင့် နှင့်တကွ မည်သည့်ဌာနမှ တာဝန်ခံချိတ်ဆက်၍ ကြီးကြပ်ကွပ်ကဲ နေသည်ကို သိရှိလိုခြင်း မေးခွန်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကိုကိုနိုင် ၏ မြန်မာနိုင်ငံ အတွင်း ရှိ မြို့ပြနှင့် ဝေးကွာပြီး အချက်အချာကျသည့် ကျေးရွာများတွင် နယ်မြေမီးသတ် စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ /မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ က ဘော်လခဲမြို့မရဲစခန်းအတွက်လိုအပ်လျှက်ရှိသည့် ရဲစခန်း(အချုပ်ပါ) ၂ ထပ် ၁ လုံး ဆောက်လုပ်ပေးရန်လိုအပ် လျက်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း(မူလ)အသုံးစရိတ်လျာ ထားမှုကို ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အတည်ပြုချက်ရရှိရန် ပေးပို့တင်ပြထားပြီးဖြစ်သဖြင့် ဦးစားပေး အစီအစဉ်အလိုက် နောက်လာမည့် ဘဏ္ဍာရေးနှစ်များ၏ ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် ထည့်သွင်းလျာထားတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။


ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းအတွက် လိုအပ်လျက်ရှိသည့် ၆ ခန်းတွဲ ၂ ထပ် ၁ လုံးနှင့် လူ ၃၀ ဆံ့ လူပျိုဆောင် ၁ ဆောင်တို့ကို ၂၀၁၉ - ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် လျာထားတင်ပြတောင်ခံထားပြီးဖြစ် ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၁ ထပ် ၁ လုံး ဆောက်လုပ်ရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း။ 


မှုခင်းပရဟိတအဖွဲ့နှင့်စပ်လျဉ်း၍  မှုခင်းပရဟိတအဖွဲ့အမည်ဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည်ကို သိရသော် လည်း မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ  ၂၅ ရက် မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ  ၃၁ ရက်အထိ တရားဝင်မှတ်ပုံတင်ထားပါကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းအမည်ကို အမှန်တရားချစ်မြတ်နိုးသူများအသင်း(အမှန်တရားကူညီမှုအဖွဲ့) ဟု အမည်ပြောင်းလဲရန် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြထားရှိပါကြောင်း၊ အသင်းအဖွဲ့များဥပဒေကို ယခင်က ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ခံ စီမံခန့်ခွဲ ခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါဌာနသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့လွှဲပြောင်းဖွဲ့စည်းခဲ့ပြီး အသင်းအဖွဲ့ များဆိုင်ရာကိစ္စရပ်များကို အဆိုပါဦးစီးဌာန က ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းသည် မြန်မာနိုင်ငံမှုခင်းသင်းထောက်များ အသင်းအမည်ဖြင့် တရားဝင်မှတ်ပုံတင်ခွင့်လျှောက်ထားရယူထားရှိပြီး အမှန်တရားချစ်မြတ် နိုးသူများအသင်း(အမှန်တရားကူညီမှုအဖွဲ့)ဟု အမည်ပြောင်းလဲရန် ပြည်ထောင်စုမှတ်ပုံ တင်ရေးအဖွဲ့သို့ တင်ပြထားရှိသော်လည်း "မှုခင်းကူညီမှုနှင့် ပရဟိတအဖွဲ့" အမည်ဖြင့် ပြောင်းလဲရန်ကြောင်းကြားထားခြင်းမရှိပါကြောင်းနှင့် အဆိုပါအသင်းအဖွဲ့သည် သီးခြား အဖွဲ့အစည်းတစ်ရပ်ဖြစ်၍ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ကိုင်တွယ် ကျင့်သုံးသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်မည်ဖြစ် ပါကြောင်း။ 


မီးသတ်ဦးစီဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ပြနှင့် ဝေးကွာပြီး အချက်အချာ ကျသည့် ကျေးရွာများတွင် နယ်မြေမီးသတ်စခန်းများဖွင့်လှစ်ရာတွင် ကျေးရွာအုပ်စုရှိ အိမ်ခြေနှင့် လူဦးရေထူထပ်မှု၊ အရန်မီးသတ်တပ်ဖွဲ့အင်အား၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ အလုပ်ရုံများတည်ရှိမှု ဈေးများတည်ရှိမှု၊ ၁၀ နှစ်အတွင်း မီးလောင်မှုအကြိမ်အရေအတွက် နှင့် ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ်ဝင်ထွက်နိုင်သည့် လမ်းများစသည့် အချက်များပေါ် မူတည်၍ ဦးစားပေး အဆင့်သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံ ခွင့်ပြုထားပြီးဖြစ်သည့် နယ်မြေမီးသတ်စခန်း ၇၀၃ စခန်းအနက် ဖွင့်လှစ်ရန်ကျန်ရှိနေသည့် စခန်း ၃၀၁ စခန်းတို့ကို ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရရှိရေး၊ အဆောက်အဦဆောက် လုပ်နိုင်ရေးနှင့် မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများဖြည့်တင်းနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးများမှ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။


ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဒေါက်တာတင်တင်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးစိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ မဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) မှ ဒေါ်ရွှေရွှေစိန်လတ် နှင့် ဧရာဝတီတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဒေါ်အိအိပြုံး တို့က ဆွေးနွေးကြသည်။


ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဒေါက်တာတင်တင်ဝင်း က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော် မှ အသစ်ထည့်ပြီး အမျိုးသား လွှတ်တော် က ပယ်ဖျက်ထားသည့် အခန်း ၂ ၊ အပိုဒ် ၃ - ဆ ရှိ ကျေးလက်ဒေသနေပြည် သူများ၏ ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းတိုးတက်ကောင်းမွန်ရေး၊ ကျေးရွာတွင် လမ်း၊ ကုန်ထုတ်လမ်းနှင် တံတားများတည်ဆောက်ပြုပြင်ထိန်းသိမ်းရေး၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးနှင့် ကျေးလက်ဒေသနေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆိုသည့် အပိုဒ်ကို ပြန်လည်ထည့်သွင်းလိုပါကြောင်း၊ ဦးစီးဌာန၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ အခန်း ၄ ၊ အပိုဒ် ခွဲ ၉ (ဃ) (၅) တွင် အမျိုးုသားလွှတ်တော်က ပြင်ဆင်ထားသည့် တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်း များအတွက် နည်းပညာ၊ ငွေကြေးအရင်းအနှီးနှင် ဈေးကွက်ရရှိနိုင်ရန်စီစဉ်ဆောင်ရွက်ရေး အပိုဒ်တွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဈေးကွက်ရရှိနိုင်ရန်စီစဉ်ဆောင်ရွက် ရေးဟု ဖြည့်စွက်လိုပါကြောင်း၊ အဆိုပါအပိုဒ်တွင် တန်ဖိုးမြှင့်ပစ္စည်းများ ဖော်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ရေးဟူ၍လည်း ဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။


ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၈) မှ ဒေါ်အိအိပြုံး က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ အခန်း ၃၊ ပုဒ်မ (၅)(င) တွင် ကျေးလက်နေပြည်သူများနှင့် အမျိုးသမီးများအလုပ်အကိုင် ဆိုသည်ကို ဖြည့်စွက်လိုပါကြောင်း၊ အခန်း ၄၊ ပုဒ်မ(၇)(ခ) တွင်ကျေးလက်နေ ပြည်သူများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် နှစ်စဉ်၊ နှစ်ရှည်၊ နှစ်တို စီမံကိန်းများကို ကျေးလက်နေပြည်သူများနှင့် ရေးဆွဲ၍ ဗဟိုကြီးကြပ်ရေး ကော်မတီသို့ တင်ပြရမည်ဟု ဖြည့်စွက်လိုပါကြောင်း၊ အခန်း ၅ ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ပုဒ်မ ၈ (ဃ)(၄) တွင် ကျေးလက်နေပြည်သူများနှင့် အမျိုးသမီးများ အလုပ်အကိုင်ရရှိရေးဟုဖြည့်စွက်လိုပြီး (ဃ)(၅) တွင် ကျေးလက်ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးခြင်းဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ (ဃ)(၇) တွင် ကျေးလက်နေပြည်သူ များမှ ဒေသဖွံ့ဖြိုးရေးထိခိုက်နိုင်သည်ဟု ယူဆသော အရက်ပုန်ဆိုင်၊ လောင်ကစားလုပ် ငန်းများကို တင်ပြလာပါက ထိရောက်သောအရေးယူမှုများပြုလုပ်နိုင်ရန်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်အကူအညီပေးခြင်း ဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း (၆) ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်တွင် ပုဒ်မ ၁၀ (င) တွင်လည်းကောင်း ပယ်ဖျက်ထားသည့်ပုဒ်မနေရာတွင်လည်းကောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုထိခိုက်နိုင်သည့် အရက်ပုန်းဆိုင်နှင့် လောင်းကစားလုပ်ငန်းများကို တားဆီးခြင်းနှင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံတင်ပြခြင်းဟု ဖြည့်စွက်လိုပါကြောင်း၊ ပုဒ်မ ၁၁ တွင် (က) မိမိ၏ကျေးရွာတိုးတက်ရေးလုပ်ငန်းအလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေး ရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်းများသို့ တင်ပြခွင့် ဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း ၉ ၊ ပုဒ်မ (၂၅)(ဂ)တွင် မြေယာပိုင်ဆိုင်မှုကို ဥပဒေ နှင့်အညီစနစ်တကျသတ်မှတ်ရေးနှင့် ကုန်ထုတ်လမ်းများဖော်ဆောင်ပေးနိုင်ရေး ဟု ထပ်မံ ဖြည့်စွက်လိုပါကြောင်း၊ အခန်း ၁၃ ၊ ပုဒ်မ ၄၇ တွင် ဦးစီးဌာနမှ မည်သူကိုမဆို ကျေးလက်  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပစ္စည်း သို့မဟုတ် ငွေကြေးကို အလွဲသုံးစားပြုလျင် ထိုသူကို ဥပဒေအရ အရေးယူရမည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်း က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ် သြဂုတ် လ ၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။


မင်းမင်းဇော်(သတင်းစဉ်)