နေပြည်တော် ၂၃ ဇူလိုင်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

c2

 

ယနေ့အစည်းအဝေးတွင် သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ကန်ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခု ဖတ်ကြားခြင်း၊ ဥပဒေကြမ်း(၁)ခု ဆွေးနွေးခြင်း၊ ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အဆို (၁)ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ် ထန်တလန်မြို့နယ် နှာဟရိန်မြို့ သောက်သုံးရေရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နှာဟရိန်မြို့ သောက်သုံးရေ ရရှိရေးလုပ်ငန်းသည် မြို့ရေပေးဝေရေး လုပ်ငန်းဖြစ်သည့်အတွက် တည်ဆောက် ရေးလုပ်ငန်း ကုန်ကျစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ ရန်ပုံငွေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေများမှ ကျခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရန် ဖြစ်နိုင်ချေ ရှိ/မရှိ တိုင်းတာခြင်း၊ JICA Myanmar Office သို့ နည်းပညာ အကူအညီများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ညှိနှိုင်းပေးခြင်းများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရေးဆွဲရာတွင် ဦးစားပေး ဆောင်ရွက်သွားရမည့် လုပ်ငန်းများရှိသည့်အတွက် ထန်တလန်မြို့နယ် နှာဟရိန်မြို့ သောက်သုံးရေ ရရှိရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဒေသန္တရစီမံကိန်း ရေးဆွဲရာ၌လည်းကောင်း၊ ဘဏ္ဍာ ရန်ပုံငွေ လျာထားရာ၌ လည်းကောင်း ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် ရေဦးမြောင်းမတော် လက်တံအဖျားပိုင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးရေ နှစ်စဉ်မရရှိခြင်း မေးခွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မုံညင်းအိုင်ကန်အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် အခြေခံပညာရေးဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က ဝန်ကြီးဌာန အသီးသီးတွင် လူမှားနေရာမှားများ ဖြစ်နေပါကြောင်း၊ ပြောင်းရွှေ့ ရောက်ရှိလာသည့်ဌာနနှင့် သဘောသဘာဝ သက်ဆိုင်ခြင်းမရှိ၊ ကျွမ်းကျင်တတ်သိ နားလည်မှုမရှိသည့် ပုဂ္ဂိုလ်များသည် ဝင်ပေါက်အသီးသီးမှ ရောက်ရှိလာပြီး အပေါ်ပိုင်းအဆင့် တာဝန်များကို ရယူကြပါကြောင်း၊ ဌာနတွင်ရှိနေကြသည့် လုပ်သက်ရင့်၊ အတွေ့အကြုံရှိ ဝန်ထမ်းများကို ရာထူးတာဝန် တိုးပေးခြင်းမပြုဘဲ ဒုတိယအဆင့်တွင် ရပ်တန့်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကျောင်းသားများ၏ ဘက်စုံပညာရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူမှန်နေရာမှန် တာဝန်ပေးထမ်းဆောင်စေမှသာ ကျောင်းသားများ၏ ဖွံ့ဖြိုးမှုအရပ်ရပ် တိုးတက်လာစေမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးတင်အောင်ဟိန်းက ယခုပညာရေး စနစ်သစ်တွင် KG တန်းမှ Grade-12 အထိ အောင်ချက်များ မည်မျှကောင်းစေကာမူ တက္ကသိုလ်ဝင်ခွင့် အောင်မြင်မှု နည်းပါးပါက တိုင်းပြည်အတွက် ပညာတတ်များ အမှန်တကယ် ရရှိနိုင်ပါ့မလားဆိုသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ကျောင်း သား ကျောင်းသူများ အတန်းအလိုက် ပညာတတ်မြောက်မှုသည် ဆရာ၊ ဆရာမများ၏ ဆန်းစစ်ချက်အပေါ်တွင် မူတည်နေပါကြောင်း၊ မိဘများကိုယ်၌ကလည်း သားသမီးများ၏ ပညာရေးကို မျက်ခြေမပြတ် စောင့်ကြည့်သင့်ပါကြောင်း၊ စာမေးပွဲစနစ်တစ်ခု ထားရှိခြင်းအားဖြင့် အခြေခံပညာ အဆင့်အလိုက် သင်ယူပြီးမြောက်မှု အကဲဖြတ်ရာတွင် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၀ (ဃ)အား ပယ်ဖျက်ခြင်းမပြုဘဲ မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးတို့က အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်၊ ဖြည့်စွက်သင့်သည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့် မူလအတိုင်း ထားရှိသင့်သည့် အပိုဒ်အခွဲများကို ဆွေးနွေးကြသည်။

အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးမည့် နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာထားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း တင်သွင်းထားသည့် ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန်၊ စီးပွားရေးတွင် တစ်နိုင်တစ်ပိုင် ပါဝင်ရန်၊ နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန် အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံ ငွေကြေးရှာဖွေပေးခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက် ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားများက ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်က ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့်အတွက် မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်သည့်သူ တစ်နေ့တစ်ခြား နည်းပါးနေပါကြောင်း၊ လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှု အခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများကို နည်းပညာပံ့ပိုးပေးခြင်း၊ အရင်းအနှီး ရန်ပုံငွေရှာဖွေပေးခြင်း၊ ကုန်ကြမ်းပံ့ပိုးပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်းနှင့် ဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ပေးမည်ဆိုပါက စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးက ကျေးလက်ဒေသ အမျိုးသမီးများ၏ ဘဝကို စုပေါင်းအားဖြင့် ဝန်းဝိုင်းကူညီရန် လိုအပ်ပါကြောင်း၊ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သွားနေကြသည့် အခြေအနေမှ ခေတ်သစ်နည်းပညာများဖြင့် လမ်းပြကူညီရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းပေးရန်နှင့် လုပ်ငန်းအလိုက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဈေးနှုန်းမှန်မှန်ကန်ကန်ဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးညီစိန်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်တို့က အဆိုနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။


ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်(၁၆)ဦး အမည်စာရင်း တင်သွင်းထားပြီး လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးမည့် နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇူလိုင် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လူကျော်(သတင်းစဉ်)