နေပြည်တော် ၁၀ ဒီဇင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ မြန်မာနိုင်ငံသူ/ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အားကစား အဆင့်မြင့်မား တိုးတက်စေရေးအတွက် မြန်မာ့ရုပ်မြင်သံကြားလိုင်းမှ ကျန်းမာရေးနှင့် အားကစားရုပ်သံလိုင်း (Health & Sport Channel) တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အနေဖြင့် ပြည်သူများထံသို့ ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် ရည်မှန်းချက်များဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ရုပ်မြင်သံကြား (သတင်း) ရုပ်သံလိုင်း၊ လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊ တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် အားကစားရုပ်သံလိုင်းစသည့် ရုပ်သံလိုင်း (၅)ခုကို ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
လက်ရှိအခြေအနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ကျန်းမာရေးနှင့် အားကစား ရုပ်သံလိုင်း (Health & Sports Channel) သီးသန့်ထားရှိခြင်း မရှိသေးသော်လည်း အားကစားရုပ်သံလိုင်း (Sports Channel) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် (၄)နာရီကြာ ပုံမှန်ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း၊ အဆိုပါ Channel တွင် ဘောလုံးပွဲသုံးသပ်ချက် (Soccer Review) အစီအစဉ်အား ကြာသပတေးနေ့တိုင်း ညနေ ၄ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်သည့် ဘောလုံးပွဲများသုံးသပ်ချက် (Myanmar National League Review) အစီအစဉ်အား သောကြာနေ့တိုင်း ညနေ ၄ နာရီခွဲတွင်လည်းကောင်း၊ Weekly Sports Information အစီအစဉ်အား သောကြာနေ့တိုင်း ညနေ ၅ နာရီခွဲတွင်လည်းကောင်း ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် Myanmar National League ဘောလုံးပွဲစဉ် အများစုကို ပြိုင်ပွဲကာလအတွင်း တိုက်ရိုက် (Live) ထုတ်လွှင့်ပေးလျက်ရှိပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဘောလုံးပွဲများ၊ မြန်မာဘောလုံးအသင်းမှ ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်သည့် ပွဲစဉ်များနှင့် အခြားအားကစား ပွဲစဉ်များအား အခါအားလျော်စွာ တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ပြန်လည်ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကျန်းမာရေးရုပ်သံလိုင်း (Health Channel)ကို သီးခြားမထားရှိနိုင်သေးသော်လည်း မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များတွင် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်း အစီအစဉ်များကို နေ့စဉ်နံနက် ၆ နာရီခွဲတွင် ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး TV Spot အစီအစဉ် (၄၉) ခုကိုလည်းနေ့စဉ်အလှည့်ကျ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးမဂ္ဂဇင်း အစီအစဉ်အား သောကြာနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ထုတ်လွှင့်ပြီး တိုင်းရင်းဆေး ပညာအစီအစဉ်အား တနင်္လာနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် အပတ်စဉ်ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း။
အလားတူ မြန်မာ့အသံ (ရေဒီယို)တွင်လည်း ကျန်းမာရေးနှင့် အားကစားဆိုင်ရာ အစီအစဉ်များအဖြစ် မြန်မာ့အားကစားကြယ်ပွင့်များ၊ တစ်ပတ်အတွင်းအားကစား သတင်း၊ ပြည်သူ့အတွက် ကျန်းမာရေး သုတအဖြာဖြာ တိုင်းရင်းဆေးပညာ၊ ရင်သွေးငယ်နှင့် ကျန်းမာရေးအစီအစဉ်များ စသည်ဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ Beauty & Health အစီအစဉ်များကို တစ်ပတ်လျှင် (၂)ကြိမ်နှင့် ကျန်းမာရေးအစီအစဉ်ကို (၂) ပတ်လျှင် (၁)ကြိမ် ထုတ်လွှင့်ပေးလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက်များနှင့် လတ်တလောဖြစ်ပေါ်တတ်သော ရောဂါများအကြောင်းကို ကျွမ်းကျင်သော ဆရာဝန်များနှင့် ဆွေးနွေးခန်းများ၊ သတင်းနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ ရာသီအလိုက် ဖြစ်တတ်သော ရောဂါများအကြောင်းကို ရေဒီယိုမဂ္ဂဇင်းနှင့် ကျေးလက်ဇာတ်လမ်း ကဏ္ဍများမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားသည့်အတိုင်း နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အားကစားအဆင့် တိုးတက်မြင့်မားရေးသည် နိုင်ငံတစ်ခု၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်ချက်များ ဖြစ်သည်ကို အလေးအနက် ထောက်ခံအပ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ် အကြံပြုထားသည့်အတိုင်း ကျန်းမာရေးနှင့် အားကစားရုပ်သံလိုင်း အသစ်တစ်ခုကို ထုတ်လွှင့်ရန် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ သို့သော်လည်း လက်ရှိဆောင်ရွက်နေဆဲဖြစ်သည့် အားကစားရုပ်သံလိုင်းကို သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားအမျိုးအစားအလိုက် ဖွဲ့စည်းထားသော အားကစား အဖွဲ့ချုပ်များ၊ ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယခုထက်ပိုမိုကောင်းမွန်သည့် အစီအစဉ်များ တိုးချဲ့ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်ကို တင်ပြအပ်ပါကြောင်း။
ယင်းတို့မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေကို ဖြေကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပေးပို့လာသည့် ဖြေကြားချက်ကို အနှစ်ချုပ်ပြီး ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနသည် ယခင်ကျန်းမာရေးပညာဌာနကို ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ဌာနခွဲအမည်ဖြင့် ပြောင်းလဲခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားလာရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများမှ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် စတင်ထုတ်ဝေခဲ့ပါကြောင်း၊ အဆိုပါ စာအုပ်အပါအဝင် အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်/ တိုက်နယ်ဆရာဝန်များ သိသင့်သိထိုက်သည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ စာအုပ်စာတမ်းများ၊ ပြည်သူလူထုအတွင်းကျန်းမာ ရေးအသိပညာမြှင့်တင်ရေး လက်ကမ်းစာစောင်နှင့် ပိုစတာများကိုလည်း ဖြန့်ဝေလျက် ရှိပါကြောင်း၊ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ Mobile Application များစွာ ထည့်သွင်းထားသည့် Mobile Tablet များကို အခြေခံကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယနေ့အထိ Mobile Tablet (၁၁၁၈၆) လုံးအား ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အလုံးရေ(၁၄၀၀၀)ကို မကြာမီလပိုင်းအတွင်းတွင် ထပ်မံ ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းအားဖြင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများအတွက် တစ်နိုင်ငံလုံးတစ်ပြေးညီ စံပြုအချက်အလက်များကို မှီငြိမ်းကာ မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူလူထုအတွင်း ဖြန့်ဝေပေးနိုင်မည် ဖြစ်ပါကြောင်း။
ကျန်းမာရေးအသိပညာများ ရရှိစေရန်နှင့် ကျန်းမာရေးအသိပညာများ မြင့်မားတိုးတက်လာစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ဝန်ကြီးဌာန အနေဖြင့် တင်ပြပါအတိုင်း ဆောင်ရွက်နေမှုများရှိသကဲ့သို့ နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိက ရုပ်သံလိုင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများနှင့် ပူးပေါင်း၍လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် (Key Messages) များကို ပြုစုကာ ထုတ်လွှင့်ပေးလျက်ရှိပြီး ပုဂ္ဂလိက ရုပ်သံလိုင်းဖြစ်သည့် Sky Net ရုပ်သံလိုင်း၏ Health Channel တွင်လည်း ထုတ်လွှင့်ပေးလျက်ရှိသည်ကို အသိပေးတင်ပြလိုပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အကြံပြုထားသည်မှာ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာများ ပိုမိုမြင့်မားတိုးတက်လာစေရေးအတွက် မြန်မာ့ရုပ်မြင်သံကြားလိုင်းမှ (Health & Sports Channel) တစ်ခုတည်ထောင်မည်ဆိုပါက ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းများအပြင် အားကစားနှင့် ကာယပညာ ပြန့်ပွားရေးလုပ်ငန်းများကို ပြည်သူလူထုအကြား ကျယ်ပြန့်စွာ ပိုမိုဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် အသက်ရှည်စွာ နေထိုင်လာနိုင်ရေးအတွက် ကြီးမားသော အထောက်အကူတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့ရုပ်မြင်သံကြားလိုင်းမှ (Health & Sports Channel) တစ်ခုတည်ထောင်သင့်ပါကြောင်း၊ အဆိုပါ ရုပ်သံလိုင်းမှ တိုင်းရင်းသားဘာ သာစကားအသီးသီးဖြင့် တင်ဆက်သည့် တိုင်းရင်းသားကျန်းမာရေးနှင့် အားကစားအစီအစဉ်များဖြင့် ပါဝင်တင်ဆက်နိုင်မည်ဆိုပါက ပိုမိုကျယ်ပြန့်ထိရောက်နိုင်မည် ဖြစ်ပါကြောင်း အကြံပြုထားသည်ကို တင်ပြအပ်ပါကြောင်း။
အလားတူ အားကစားနှင့် ပတ်သက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် အားကစားလှုပ်ရှားမှု သတင်းများအား အများပြည်သူအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လစဉ်ထုတ် အားကစားမဂ္ဂဇင်းများနှင့် အားကစား သတင်းလွှာအား ထုတ်လုပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အသီးသီးမှ ပြည်တွင်း/ ပြည်ပအားကစားပြိုင်ပွဲသတင်းများ၊ ASEAN School Games, ASEAN University Games အပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ် ပြိုင်ခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပ ဆောင်ရွက်နေမှု သတင်းများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲသတင်းများ၊ နွေရာသီ၊ ဆောင်းရာသီ အခြေခံအားကစား သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးနေမှုသတင်းများ၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုသတင်းများ၊ အခြေခံပညာကျောင်းများတွင် အားကစား အသိပညာပေး ဟောပြောခြင်းနှင့် အားကစားသရုပ်ပြပွဲများ ဆောင်ရွက်နေမှု သတင်းများကို ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြပေးလျက်ရှိပါကြောင်း။
ထို့ပြင် ရုပ်မြင်သံကြားလိုင်းများဖြစ်သည့် MRTV, Sky Net နှင့် မြဝတီရုပ်မြင် သံကြားလိုင်းများတွင် အခါအားလျော်စွာ ဖော်ပြထုတ်လွှင့်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အားကစားနှင့် ကာယပညာဦးစီးဌာန၏ Official Website ဖြစ်သည့် spedmyanmar.gov.mm ၊ Social Media Network ဖြစ်သည့် လူထု/ပညာ၊ အားကစားကို ချစ်မြတ်နိုးသူများ၊ Sport and Physical Education Department Facebook Page တို့မှလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံကိုယ်စားပြု အားကစားအသင်းအဖွဲ့များ၏ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှုများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အားကစားပြိုင်ပွဲများနှင့် ပြည်တွင်းအားကစားပြိုင်ပွဲများ ကျင်းပနေမှု ကို အများပြည်သူ လွယ်လင့်တကူ ကြည့်ရှုအားပေးနိုင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွက် ခေတ်မီအဆင့်မြင့် မီးသတ်ယာဉ်(၁)စီး ခွဲဝေခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းပုံခွင့်ပြုပြီး ဖြစ်သော မီးသတ်စခန်းများအတွက် မြေနေရာရရှိရေး၊ မီးသတ်စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ရေး၊ မီးသတ်ယာဉ်များ ဖြည့်တင်းနိုင်ရေးတို့ကို ဆောင်ရွက်နေရခြင်း၊ အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက လောက်ကိုင်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၁၁)စီးအပြင် ဟိုပန်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ ကွမ်းလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၄)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်နိုင်ခြင်း၊ လောက်ကိုင်မြို့နယ်တွင် မီးသတ်စခန်းဖွဲ့စည်းပုံအရ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး စုစုပေါင်း မီးသတ်ယာဉ် (၄)စီး ဖြည့်တင်းထားရှိပြီး ဖြစ်ခြင်းကြောင့် လောက်ကိုင်မြို့နယ်တွင် အဆင့်မြင့်မီးသတ်ယာဉ် (၁)စီးချထားပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေးအဆင့်များ သတ်မှတ်၍ ဆောင်ရွက်နေခြင်း၊ Community Based Policing စနစ်အရ Pilot Project ရွေးချယ်၍ လူထုအခြေပြု အဖွဲ့များ ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မှုခင်းသတင်းများ ရယူခြင်း၊ ဆိုင်ကယ်နှင့် မီးတန်းယာဉ်လှည့်ကင်းများ၊ ရပ်ကင်း/ ဝပ်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်နေသည့်အပြင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာကိုလည်း တိုင်းဒေသကြီး အဆင့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၏ ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်သော အခြေအနေတစ်ရပ် ပေါ်ပေါက်ပါက အလျင် အမြန် တုန့်ပြန်နိုင်ရန် ဖုန်းနံပါတ် ၁၉၉ ကို ဆက်သွယ်ပါက အလျင်အမြန် ချက်ချင်းရောက်လာနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် စီစဉ်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြု ပြီးပေးပို့ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က ထောက်ခံသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိအသုံးပြုခြင်း မရှိတော့ဘဲ တဖြည်းဖြည်းဟောင်းနွမ်းယိုယွင်း ပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများ တည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါးဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူ အကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ်သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းက မြေအသုံးချမှု၏ ရလဒ်သည် လူသားများကို ထောက်ပံ့ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရန် ဖြစ်ပါကြောင်း၊ အဆိုရှင် တင်ပြခဲ့သည့် City Land သည် အိမ်ရာ စီမံကိန်း၊ စက်မှုဇုန်နှင့် တိုးတက်လာသည့် လူဦးရေနှင့်အညီ လူမှုစီးပွားတိုးတက်ရန်ပင် ဖြစ်ပါကြောင်း၊ သို့သော် ခေတ်အဆက်ဆက် မြေယာဥပဒေသည် လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းခဲ့သည့်အတွက် ယခုအခါတွင် မြေပြဿနာသည် အကြီးမား ဆုံးစိန်ခေါ်မှုဖြစ်နေပါကြောင်း၊ ထို့ကြောင့် အသုံးပြုခြင်း မရှိသည့်မြေများ လူတို့အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် အဆိုကို ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးညီညီထွေး (ခ) ဦးကိုကိုလေး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်) တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလပြီးသည့်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်နှင့် ကယားပြည် နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်တို့က ဆွေးနွေးကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်က ဒီဇယ်ဆီသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေသူများ၏ ရင်းနှီးမြှုပ်နှံမှုကို ရှယ်ယာငွေထည့်ဝင်ပေးခြင်း၊ မတည်ငွေထည့်ဝင်ပေးခြင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးခြင်း၊ စက်သုံးဆီ ဈေးနှုန်းကျဆင်းစေရန် စက်သုံးဆီတင်သွင်းမှု သတ်မှတ်ချက်နှင့် အခွန်နှုန်းထားကို ဖြေလျော့ပေးခြင်း စသည့် လုပ်ငန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများ မဟုတ်သည့်အတွက် ပြည်ထောင်စုအစိုးရနှင့် ဝန်ကြီးဌာနများမှ လေ့လာသုံးသပ် ပံ့ပိုးဖြေရှင်းကူညီခြင်းဖြင့် လျှပ်စစ်ဓာတ်အား တစ်ယူနစ် ဈေးနှုန်းလျော့ချနိုင်မည် ဖြစ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း၊ မဟာဓာတ်အားလိုင်း နိုင်ငံတစ်ဝှမ်းလုံးမရောက်ခင် အခြားစွမ်းအင် အရင်းအမြစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်နုတ်အသုံးမပြုနိုင်မီ ပြည်ထောင်စုအစိုးရမှ လိုအပ်သည်များ ပံ့ပိုးဖြေရှင်းကူညီပေးနိုင်ရန် လိုအပ်မည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း၊ သို့ပါ၍ ကော်မတီ၏ အစီရင်ခံစာပါ သုံးသပ်အကြံပြု တင်ပြချက်အား ပြည်သူလူထုအကျိုးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်က ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်