နေပြည်တော် ၁၆ ဒီဇင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် နဂူမေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရွာမပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် သက်တမ်း(၂)နှစ်ရှိပြီဖြစ်ပါကြောင်း၊ အနီးဆုံး အထက်တန်းဆင့် သင်ကျောင်းဖြစ်သော သရက်တပင် အခြေခံပညာအထက်တန်း ကျောင်းနှင့် (၃)မိုင်ခန့် ကွာဝေးပါကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် တင်ပြသကဲ့သို့ လမ်းပန်းဆက် သွယ်ရေးခက်ခဲခြင်း၊ ဒေသခံပြည်သူများကလည်း လိုလားနေခြင်းကြောင့် အဆိုပါကျောင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နဂူမေ ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သည် သက်တမ်း(၂)နှစ်ပင်ရှိသေးသည့်အပြင် သတ်မှတ်ကျောင်းသားဦးရေလည်း မပြည့်မီသေးသည့်အတွက် လာမည့်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်မည့် ဦးစားပေးအဆင့်တွင် ပါဝင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ရုံးအဆောက်အဦအား ဖျက်သိမ်းလျက် မြေနေရာ အခက်အခဲရှိသော ဌာနများအတွက်ပါ ပါဝင်ဖွင့်လှစ်နိုင်သည့် RC (၂)ထပ်ပါ (E) ပုံသဏ္ဍာန် အဆောက်အဦကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ခေတ်ကာလကြာရှည်ပြီဖြစ်သော အဆိုပါ အဆောက်အဦအား ဖျက်သိမ်း၍ ယင်းအဆောက်အဦနေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) နှင့် မြေနေရာ အခက်အခဲရှိသော ဌာနများဖြစ်သည့် မြို့နယ်တရားရုံး၊ မြို့နယ်ဥပဒေရုံး၊ မှုခင်းမှတ်တမ်းထိန်းသိမ်းရေးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့ စုပေါင်းဖွင့်လှစ်သည့် RC (၂)ထပ်အဆောက်အဦသစ်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေ ချထားပေးနိုင်ရေး နှစ်စဉ်စီမံကိန်းရည်မှန်းချက် ရေးဆွဲတင်ပြစဉ် ပထမဦးစားပေးအနေဖြင့် ထည့်သွင်းတင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိပါက လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့်အတိုင်း စုပေါင်းရုံးအား ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

a

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ တစ်ရွာနှင့်တစ်ရွာ ဝေးကွာလွန်းသော ကျေးရွာအုပ်စု (၄)ခုအား လုပ်ထုံးလုပ်နည်းနှင့်အညီ အုပ်စုခွဲရန် အမှုတွဲအဆင့်ဆင့် တင်ပြလာပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့ပေါ် (၅) ရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်း ရှိနေသော ကျေးရွာအုပ်စုများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်ကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း ၏ စစ်ကိုင်းမြို့ နယ်၊ ဆည်လေးတောကျေးရွာ သောက်သုံးရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ မကွေးတိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီနှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့သည် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်အဆင့်က တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ တောင်သူအား အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်ရန် ကူညီပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင် က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စက်မှုဇုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်း သောင်း ၏ ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည် တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာနအသီးသီးတို့မှ ဟန်ချက် ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

 

a

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း က အဆိုရှင်၏ ဆန္ဒမှာ တစ်သျှူးငှက်ပျောကို စနစ်တကျစိုက်ပျိုးကာ မြန်မာ့စီးပွားရေး တိုးတက်စေလိုသည့် စေတနာ ထင်ဟပ်နေပါကြောင်း၊ ထို့ကြောင့် အကဲဆတ်လှသည့် ငှက်ပျောစိုက်ပျိုးခြင်းကို အဆိုရှင်တင်ပြသကဲ့သို့ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှုနှင့် စီမံချက်တစ်ရပ်ကို ချမှတ်ပြီး အဓိကကျသည့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆို တင်သွင်းခြင်း ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး က ပြည်ထောင်စုအစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုခန့် ကြာနေပြီဖြစ်သည့် တစ်သျှူး ငှက်ပျော စိုက်ပျိုးမှုနှင့် ပတ်သက်၍ ထိထိရောက်ရောက် ကွပ်ကဲထိန်းကြောင်း နိုင်မည့် အစီအမံနှင့် အကောင်အထည်ဖော်ပေးရန် လိုအပ်နေပါကြောင်း၊ တစ်သျှူး ငှက်ပျော စိုက်ပျိုးခြင်းသည် ကချင်ပြည်နယ်သာမက မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်း ဒေသကြီးတို့ အထိ ပြန့်နှံ့လာနေသည့်အတွက် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင် ရန်၊ ဥပဒေစိုးမိုးရန်၊ မြေသယံဇာတထိန်းသိမ်းရန်နှင့် အချုပ်အခြာ အာဏာ မထိပါးရန် တို့ကို အချိန်မီထိန်းသိမ်းရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်တွင် ရှိသည့် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းမှသည် ကောင်းမွန်သည့်  စီမံအုပ်ချုပ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်ရန်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေး သည်။

ယင်းအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) မှ ဦးစခင်ဇော်လင်း တို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် တစ်သျှူးငှက် ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ထိထိရောက်ရောက် တရားဝင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်ပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) မူကြမ်းရေးဆွဲပြီးဖြစ်ပါကြောင်း၊ အဆိုပါ မူကြမ်းအပေါ် နောက်ဆုံးအကြိမ် ပြင်ဆင်/ ဖြည့်စွက်ပြီး စိစစ်ထုတ်ပြန်သွားရန် အနေအထားရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

အဆိုပါ (SOP) ရေးဆွဲပြီးပါက လုပ်ထုံး လုပ်နည်းနှင့်အညီ တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းများကို စိုက်ပျိုးမြေယာ ရယူအသုံးချမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၊ ကျွမ်းကျင်ပညာရှင်၊ ဝန်ထမ်း၊ အလုပ်သမားခန့်ထားရေး စည်းကမ်းချက်များ၊ တရုတ်နိုင်ငံသားများ ဝင် ရောက်/ ထွက်ခွာခြင်း စည်းကမ်းများ၊ သယ်ယူပို့ဆောင်ခြင်းနှင့် ကုန်သွယ်ခြင်းလုပ်ငန်း စည်းကမ်းချက်များနှင့် သတ်မှတ်ထား သည့် အခွန်အခ ပေးဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်၍ ပုံမှန်စစ်ဆေးအကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ ဖြစ်ပါ ကြောင်း။

လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်းထားသည့် အဆိုတွင်ပါရှိသည့် အကြောင်း အချင်းအရာများနှင့် စပ်လျဉ်း၍ လုပ်ငန်းအစီအမံများကို ကဏ္ဍအလိုက် တစ်ဆင့်ပြီး တစ်ဆင့်လိုအပ်မည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် နည်းတူ ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပြဋ္ဌာန်းထုတ်ပြန်ထားမှုနှင့်အညီ လိုက်နာဆောင် ရွက်မှုအပေါ်တွင် ကြီးကြပ်ရေးအဖွဲ့များဖြင့် စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင်ရွက် နေမှုရှိသည့်အလျောက် လက်တွေ့မြေပြင်တွင် ဖြစ်တည်နေသည့် လိုအပ်ချက်၊ အားနည်းချက်များ လျော့ပါးပပျောက်သွားစေရန် ထိန်းကြောင်းဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အတွက် အဆိုကို မှတ်တမ်းတင်ထားရှိပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် အဆိုရှင် ဒေါက်တာခွန်ဝင်းသောင်း က လွှတ်တော်၏ အဆုံး အဖြတ်ကို ရယူလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၈မဲ ၊ ကန့်ကွက်မဲ ၄မဲ ၊ ကြားနေမဲ ၂မဲ ဖြစ်သဖြင့် ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြု ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဦးပြူးလွင် က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အထိ  တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို  အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ဒုတိယအကြိမ် အမျိုးသားလွှတ် တော်၊ ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိ ဖြစ်ပေါ်မှုများမှာ ကြယ်ပွင့်ပြမေးခွန်း (၈၃၀)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၁၀၃၀)ခုနှင့် အတည်ပြုအဆို (၁၈)ခု စုစုပေါင်း (၁၈၇၈)ခု ဖြစ်ပါကြောင်း၊ ပထမပုံမှန်အစည်းအဝေး မှ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြ မေးခွန်း(၂၈၄)ခု၊ ကြယ်ပွင့် မပြမေးခွန်း (၄၀၅)ခုနှင့် အဆို(၂)ခု စုစုပေါင်း (၆၉၁)ခုကို ၁၀ဝ ရာခိုင်နှုန်း လုပ်ငန်းများ ပြီးစီး၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ခဲ့ပြီး ကတိလက်ကျန်စာရင်း (၁၁၈၇)ခု ရာခိုင်နှုန်းအားဖြင့် (၆၃ ဒသမ ၂) ရာခိုင်နှုန်း ကျန်ရှိနေပါကြောင်း။

ကော်မတီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်း ၁၀ဝ ရာခိုင်နှုန်း ပြီးစီးကြောင်းနှင့် ကတိကဝတ် စာရင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြလာမှုအပေါ် မေးခွန်းရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့၏ အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ ၁၀ဝ ရာခိုင်နှုန်း ပြီး/ မပြီးနှင့် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီခြင်း ရှိ/မရှိကို ပြန်လည်စိစစ်၍ ကတိ ကဝတ်စာရင်းမှ ပယ်ဖျက်ပေးနိုင်ပါရန် ကော်မတီသို့ ဆောလျင်စွာ ပြန်လည်တင် ပြ ပေးနိုင်ရန် လိုအပ်သည်ကို အကြံပြုတင်ပြလိုပါကြောင်း။

ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်းပြီးစီး၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်ပေးရန် တင်ပြလာသော အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း ၍ မေးခွန်းရှင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာသည့် ကတိက ဝတ် အပေါ် အမှန်မြေပြင်တွင် မပြီးစီးဘဲ (သို့မဟုတ်) ကွဲလွဲနေမှုများ ရှိပါက ကော်မတီ  က သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မေးခွန်းရှင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များကို သီးခြားဖိတ်ကြား၍ ဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဝန် ကြီးဌာန (၃)ခု တွေ့ဆုံညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း တွေ့ဆုံညှိနှိုင်းခြင်းများ ဆက်လက်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ကော်မတီသည် ကိုယ်စားလှယ်များက လွှတ်တော်တွင် မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများ (ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ)နှင့် စပ်လျဉ်း၍ နောက်ဆုံးဆောင်ရွက် ထားရှိမှု အခြေအနေ (လစဉ်အစီရင်ခံစာ)များအား ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုး ရအဖွဲ့များမှ ကော်မတီ သို့ ပေးပို့လျက်ရှိရာ သက်ဆိုင်ရာမေးခွန်းရှင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များ က သိရှိလိုပါက ကော်မတီသို့ ဆက်သွယ်၍ မိမိတို့ သိရှိလို သည့် အကြောင်းအရာ အချက်အလက်များကို ထုတ်ယူနိုင်ပါကြောင်းကိုလည်း ထပ်မံ အသိပေးဖော်ပြအပ် ပါကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် ကိုယ်စားလှယ်များ မိမိတို့ မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ် သိရှိနိုင်စေရန်နှင့် မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နေမှုနှင့် မိမိတို့ မေးမြန်းချက်၊ ကတိဖြစ်ပေါ်မှု များအပေါ် ကွဲလွဲချက်များကို အချိန်နှင့် တစ်ပြေးညီသိရှိပြီး ညှိနှိုင်းပေါင်းစပ်နိုင်ရန် ဖြစ်ပါ ကြောင်း။

ကော်မတီသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့ပြီး ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများ နှင့် စပ်လျဉ်း၍ လိုအပ်သလို ညှိနှိုင်းဆွေးနွေး အကြံပြုတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ လွှတ် တော်ကိုယ်စားလှယ်များ၏ မေးမြန်းအဆိုပြုချက်များသည် ယင်းတို့၏ မဲဆန္ဒနယ်မြေ မှ ဒေသခံပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည်ကို တွေ့ရှိရသည့်အပြင် ကော်မတီမှလည်း ကိုယ်စားလှယ်များ မေးမြန်း ခဲ့သည့် ကတိဖြစ်ပေါ်ခဲ့ပြီး အဆို၊ မေးခွန်းများကို ယခုထက်ပိုမို၍ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်နှင့် သတ်မှတ်စံချန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက်တွန်းအားပေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စိစစ် တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ ကော်မတီ မှ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုယ်စားလှယ်များ မေးမြန်းထားသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ လိုအပ်သောနေရာများသို့လည်း အခါ အားလျော်စွာ ကွင်းဆင်းလေ့လာမှုများကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန် ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို အစီရင်ခံတင်ပြအပ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်