နေပြည်တော်  ၂၈  မေ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမရဲစခန်းနှင့် လက်ပံတံခါး ရဲစခန်းတို့အတွက် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ရေနံမနယ်မြေရဲစခန်းနှင့် လက်ပံတံခါးရဲကင်း စခန်းတို့ရှိ ပြုပြင်ရန်လိုအပ်သော နေအိမ်လိုင်းခန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေမှ စိစစ်၍ ပြင်ဆင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်လျက်ရှိသည့် ၆ ခန်းတွဲ ၂ ထပ် သံကူကွန်ကရစ် ၁လုံးနှင့် ၄ခန်းတွဲ ၂ထပ် သံကူကွန်ကရစ် ၁လုံးတို့အား လွှတ်တော်များ၏ ကတိလက်ကျန်များ၊ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များအတွင်း ညွှန်ကြားခဲ့သော လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေရပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် အဆိုပါ အဆောက်အဦများကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတယ်ကျေးရွာတွင် ရဲကင်းစခန်း ပြန်လည်ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လတ်တလောဖြစ်ပေါ်နေသည့် လုံခြုံရေးအခြေအနေများအရ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ဆဘောင်းတယ် ကျေးရွာတွင် လုံခြုံရေး ရဲကင်းပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေအနေ မရှိသေးပါကြောင်းနှင့် နယ်စပ်ဈေး ဖွင့်လှစ်ချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ရဲကင်းစခန်း ဖွင့်လှစ်ရန် လိုအပ်မှုရှိကြောင်း တင်ပြလာပါက စခန်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ရာဇဝတ်မှု - မှုခင်းများ၊ ဒုစရိုက်မှုများ၊ လုံခြုံရေးဆိုင် ရာကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကာကွယ်တားဆီးမှုများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ အသုံးပြုနိုင်ရန် အရည်အသွေး ကောင်းမွန်သော 4 WD – Double Cub မော်တော်ယာဉ်အသစ်များကို လိုအပ်လျက်ရှိသော မြို့နယ်များသို့ ဖြည့်ဆည်းထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် မော်တော်ယာဉ်အသစ်များ ဝယ်ယူပြီးပါက လုပ်ငန်းလိုအပ်ချက်ရှိသော မြို့နယ်များသို့ ဦးစားပေးလဲလှယ် ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

mdn

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဇဲဖိုင် (ခ) အခြေခံပညာအလယ်တန်းကျောင်း အဆောင်(၁)သည်ယိုယွင်း ပျက်စီးနေပါသဖြင့် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် RCC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇဲဖိုင်(ခ) အခြေခံပညာအလယ်တန်းကျောင်းတွင် ရှိသည့် အန္တရာယ်ရှိ ကျောင်းဆောင် ပေ(၁၂၀ × ၃၀) သွပ်မိုးပျဉ်ကာကို ဖျက်သိမ်း၍ ပေ(၁၃၀ × ၃၀) RC နှစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သည့်ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေး ရန်ပုံငွေ ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်းများတွင် ရောင်းချနေသော အန္တရာယ်ရှိသည့် အသင့်စား မုန့်များ ပပျောက်စေရန် မည်သို့စီမံကိန်းချမှတ်၍ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် ကျောင်းမုန့်ဈေးတန်းများ ဖန်တီးပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်စားသုံးတတ်စေရန်နှင့် အဆိုပါ ကျောင်းမုန့်ဈေးတန်းများမှ တစ်ဆင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ရောင်းချသူများအားလုံး၏ ကျန်းမာရေး အသိပညာတိုးတက် မြင့်မားလာစေရန် ရည်ရွယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုအခါတွင်လည်း ကျောင်းများပြန်လည်ဖွင့်လှစ်ရန် စီစဉ်သည့်အခါ မုန့်စားနားချိန်နှင့် ထမင်းစားနားချိန်များတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ဈေးရောင်း၊ ဈေးဝယ်များ လိုက်နာရမည့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု မရှိသည့် ကျောင်းမုန့်ဈေးဆိုင်များကို ဖွင့်လှစ်ခွင့်မပြုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဖြစ်နိုင်မည်ဆိုပါက တစ်ဦးနှင့် တစ်ဦး(၆)ပေခွာ၍ နေထိုင်ရမည် ဖြစ်သည့်အတွက် မုန့်စားဆင်းချိန်တွင် အိမ်မှစီစဉ်၍ ယူဆောင်လာသော အစာအာဟာရများဖြစ်သည့် ရေ၊ မုန့်၊ နေ့လည်စာတို့ကို မိမိအတန်းစာသင်ခုံတွင်သာ တစ်ဦးချင်းသီးခြား စားသုံးစေမည်ဖြစ်ပါကြောင်း၊ စုပေါင်းစားသုံးခြင်းကို လုံးဝခွင့်မပြုပါကြောင်း။

 

ထို့ပြင် အစာမစားမီနှင့် စားပြီးချိန်တွင်လည်း ရေနှင့်ဆပ်ပြာကိုအသုံးပြု၍ လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောရန်နှင့် ရေနှင့်ဆပ်ပြာအလွယ်တကူ  မရနိုင်ပါက အခြေခံပညာဦးစီးဌာနက ရေမရှိသည့်ကျောင်းစုစုပေါင်း (၇၀ဝ၀)ကျော်ကို အယ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်များကို ဖြန့်ဝေပေး၍ အသုံးပြုပြီး ခြောက်သည့်အခါမှသာ အစားအစာကို ကိုင်တွယ်စားသုံး ရန်ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်  ပေ (၁၃၀ × ၃၀) RCC နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထားသတ်မှတ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်နေသည့် ပေ (၁၂၀ × ၃၀) RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက်  လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစား ပေးအစီအစဉ်အရ စိစစ်၍ လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်းတွင် ပေ (၁၂၀ × ၃၀) နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ရန်ပုံငွေ ခွဲဝေချထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ် အတွင်း ပန်ဖဲချောင်း အခြေခံပညာမူလတန်း(လွန်) ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် စပ်ကွပ်ချောင်းနှင့် ကျောက်ဖြူရွာသစ် အခြေခံပညာ မူလတန်းကျောင်း(ခွဲ)တို့ကို အခြေခံပညာမူလတန်းကျောင်းများ အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး လာမည့်ပညာသင်နှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆွေးနွေးကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားမည် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။

 

အောင်ရဲသွင်