နေပြည်တော် ၂၀ မေ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီများတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများအစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။
ထို့နောက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၏ ကချင်ပြည် နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ဧက(၃)သိန်းအား ဩစတေးလျကုမ္ပဏီ ဖြစ်သော Fortuna Metal Myanmar Co.,Ltd အား ရွှေဓာတ်သတ္တုရှာဖွေတိုင်းတာခွင့် (Feasibility study) လုပ်ပိုင်ခွင့် ချထားပေးခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း လုပ်ကွက် (၁)နှင့် လုပ်ကွက်(၂)တို့တွင် ရွှေ၊ ကြေးနီနှင့် ဆက်စပ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်လျှောက်ထားခြင်းအပေါ် စိစစ်ခဲ့ရာ အချက်အလက်ပြည့်စုံသဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား တောင်းခံရရှိထားပြီးဖြစ်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် EMP ရေးဆွဲလျက်ရှိခြင်းနှင့် လုပ်ငန်းသဘောတူစာချုပ်အတွက် ပြင်ဆင်ဆောင်ရွက်ဆဲ အဆင့်သာဖြစ်ပါကြောင်း၊ ထို့ပြင် ဌာနနှင့်ကုမ္ပဏီတို့ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် အဆိုပါကုမ္ပဏီကို လုပ်ပိုင်ခွင့်ချထားပေးခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ “၀” ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း မြို့ပေါ်နယ်နိမိတ်နှင့် ကျေးရွာပေါင်းများစွာ ပါဝင်သတ်မှတ်ထားသည့် ဖာခါးသစ်တောကြိုးဝိုင်းအား ကွင်းဆင်းစိစစ်၍ ကြိုး ဝိုင်းအဖြစ်မှ ပလပ်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၀)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံအောင်မှ ဖာခါးကြိုးဝိုင်းတောနှင့်စပ်လျဉ်း၍ ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် ပြည်သူလူထု၏ နစ်နာမှုများကို ဖြေရှင်းပေးနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း ကြယ်ပွင့်ပြ မေးခွန်းတင်သွင်းခဲ့ရာတွင် အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီမှ ကတိကဝတ်အဖြစ် သတ်မှတ်ခဲ့သည့်အတွက် နောက်ဆုံးဆောင်ရွက်ထားမှု အခြေအနေများကိုလည်း ကော်မတီသို့လစဉ်ပြုစု တင်ပြလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ဖားခါးသစ်တောကြိုး ဝိုင်းအတွင်း ကျေးရွာ(၃၅)ရွာ၏ မြေဧရိယာ ၂၅၁ ဒသမ ၀၈ ဧကအား ကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး လက်ရှိ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခင်ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းနှင့် ပတ်သက်၍လည်း အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီသို့ လစဉ်ပြုစုတင်ပြရာတွင်လည်း ထည့်သွင်းတင်ပြထားရှိပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၏ ပဲခူးတိုင်းဒေသ ကြီး၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရှိ ကွင်းကျယ်တိုက်နယ်ဆေးရုံကို လွန်ခဲ့သော ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးကိုစောင့် ရှောက်ပေးလျက်ရှိသော်လည်း ယနေ့ထိ တောင်ညိုမြို့သစ်တွင် လျှပ်စစ်မီးမရရှိသေးသဖြင့် အရေးပေါ် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရ၍ လျှပ်စစ်မီးကို မည်သည့်အချိန်၌ ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တောင်ညိုမြို့သစ် ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၆ ဒသမ ၃၄ မိုင် တည်ဆောက်ခြင်းနှင့် တောင်ညိုမြို့သစ်တွင် ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၃ လုံး တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်တွင် ပြည် ထောင်စုရန်ပုံငွေမှ ငွေကျပ် ၁၀၂ ဒသမ ၇ သန်းခန့်ဖြင့် ပစ္စည်းဝယ်ယူရန်တင်ဒါ ခေါ်ဆိုထားပြီး စက်တင်ဘာလဆန်းတွင်ပစ္စည်းများ ရောက်ရှိရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် ၉၄ ဒသမ ၅ သန်းခန့်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၁၁ ကေဗွီဓာတ်အားလိုင်းများ တည်ဆောက်ပြီးပါက ကွင်းကျယ်တိုက်နယ် ဆေးရုံဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့် ၁၁/၀ ဒသမ ၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာတည်ဆောက်ခြင်းနှင့် ဆေးရုံဝင်းအတွင်း ၄၀ဝ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်ကျေးရွာသည် လျှပ်စစ်ဓာတ်အားလိုင်း (11 KVA) နှင့် (၄)မိုင်ခွဲခန့်သာ ကွာဝေးသဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အဆိုပါ ကျေးရွာလျှပ်စစ်မီး ရရှိရေးအတွက် ဇရပ် လှကျေးရွာမှ ဒိုက်ပျက်ကျေးရွာသို့ ၁၁ ကေဗွီဓာတ်အားလိုင်း ၄ ဒသမ ၅မိုင်နှင့် ၁၁ / ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဓာတ်အားခွဲရုံ ၂ ရုံ တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းလျာထားရန် အဆိုပြုထားပြီး ဖြစ်သဖြင့် ၂၀၂၁ - ၂၀၂၂ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓာတုပစ္စည်းပါဝင်သည့် အီးစီးကရက် (E – Cigarettes) များကို မည်သို့ထိန်းချုပ်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေးကို အနှောင့်အယှက်များစွာ ဖြစ်စေသည့်အပြင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့်အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်းလုပ်ငန်းကို အားဖြည့်ဆောင်ရွက်နေရသည့် အချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူကို အန္တရာယ်ဖြစ်စေသည့် အီးစီးကရက်နှင့် ၎င်း၏ ဆက်စပ်ပစ္စည်းများကို ပြည်သူလူထုအတွင်း ရောက်ရှိရန် တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ခွင့်မပြုသင့်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ဥပဒေပြဋ္ဌာန်းခြင်း၊ လိုအပ်သည့် အမိန့်ကြော် ငြာစာထုတ်ပြန်ခြင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်သွားနိုင်ရန်အတွက် အစီအစဉ်များချမှတ်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်အတွင်း လင်ကွီကျေးရွာနှင့် မတင်မှိုင်ချောင်းကျေးရွာတို့တွင် ကျန်းမာရေးဌာန(ခွဲ) တစ်ခုစီကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လင်ကွီကျေးရွာတွင် လူဦးရေလွှမ်းခြုံ မှုနည်းပါးခြင်း၊ တောင်ပူစီ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ခြင်း၊ အခြေခံမူများနှင့် ကိုက်ညီမှုမရှိသေးခြင်းတို့ကြောင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးရန် လတ်တလောမလိုအပ်သေးသည်ကို တင်ပြထားပါကြောင်း၊ ထို့ကြောင့် ကျေးရွာကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း။
မတင်မှိုင်ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြေပြင်တွင် အမှန်တကယ်လိုအပ်မှုရှိကြောင်း၊ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ လျှောက်ထားဆဲဖြစ်ကြောင်း အကြောင်းပြန်ကြားလာသဖြင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိရန် မြေစာရင်းပုံစံ ရရှိပါက စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးရုံး (FDA) ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သရက်ပင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်ချက် နည်းဥပဒေများအား လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ပြင်ဆင်ချက် နည်းဥပဒေများအား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်အုန်းကြည် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်ချက် နည်းဥပဒေများအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်တို့နှစ်ဦး ကွယ်လွန်သွားသည့်အတွက် ယခင်ကွယ်လွန်သွားခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနည်းတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ် တစ်ရက်စာစီကို ကောက်ခံပြီး ကူညီထောက်ပံ့ငွေများကို ကိုယ်စားလှယ် (၂) ဦး၏ မိသားစုများထံ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြ၍ လွှတ်တော်၏ သဘောထားရယူသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့ကို မေ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်