ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက် နေ့ကျင်းပ

နေပြည်တော် ၂၀ နိုဝင်ဘာ 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပညာရေး မြှင့်တင်မှုကော်မတီနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီများတွင် အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာတွင်ရှိသော အခြေခံပညာအထက်တန်းကျောင်း (ကမ်းနီ)ကို ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁၈ ဦးရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို ငပုတော အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွှေမြကွင်း အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တို့ရှိ စာစစ်ဌာနများသို့ သွားရောက်ဖြေဆိုခဲ့ကြပါကြောင်း၊ ယခုနှစ်တွင် ကမ်းနီးကျေးရွာ၌ စာစစ်ဌာနအဆင့် တိုးမြှင့်နိုင်မှု ရှိ၊မရှိ စိစစ်သည့်အခါတွင် အဓိကအားဖြင့် ကမ်းနီ ကျေးရွာတွင် လှုပ်ရှားရဲကင်းအဆင့်သာ ဆောင်ရွက်နိုင်သေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း။


တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ်တစ်ခုအဖြစ် ဖွင့်လှစ်ခွင့်ပြုရာတွင် အဓိက အခြေခံအချက်အားဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းရှိရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ရဲအင်အားအပြည့် လုံခြုံရေးယူနိုင်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုထောက်ခံတင်ပြချက်၊ ရဲစခန်းဝင်း အတွင်း ဘဏ်တိုက်အဆင့်၊ ငွေတိုက်အဆင့် လုံခြုံမှုရှိသည့် မီးခံတိုက်ရှိရန် အထူးလိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာန အနေဖြင့် ယခုနှစ်အတွက် ကမ်းနီကျေးရွာ၌ စာစစ်ဌာန အသစ်ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။


ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ သစ်ပြင်အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)နှင့် ကအီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)အတွက် တစ်ထပ်ကျောင်း ဆောင်တစ်ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွက် ယခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောင်းဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သိန်းပေါင်း ၁၇၉၀ ခွဲဝေပေးပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခုရေးဆွဲနေသည့် ဘဏ္ဍာရေးနှစ် ၆လစာ အတွင်း ဦးစားပေးအဆင့်တွင် ပါရှိ ခြင်း မရှိသေးပါကြောင်း၊ ဆက်လက် ရေးဆွဲမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ အခြေခံပညာဦးစီးဌာနမှ နေ့စားလပေး ဆရာ/ဆရာမ များကို ဆရာဖြစ် သင်တန်းပေးပြီး တစ်ပါတည်း အတည်ခန့် (Permanent) ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်သည့် ဆရာ၊ ဆရာမများကို ပညာရေးတက္ကသိုလ်များက B.Ed ဘွဲ့ရများ၊ ပညာရေးကောလိပ်များမှ လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာဒီပလိုမာ သင်တန်း DTEd နှင့် လုပ်ငန်းခွင်ကြိုမူလတန်းဆရာ အတတ်ပညာ သင်တန်း PPTT သင်တန်းဆင်းများကို နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဖြည့်ဆည်း ပေးခြင်းဖြင့် ထပ်မံလိုအပ်သည့် ဆရာ၊ ဆရာများကို နေ့စားလပေး (မူလတန်းပြ)များအဖြစ် သတ်မှတ်မူများနှင့် အညီ ခေါ်ယူပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရွေးချယ်ခန့်ထားပြီး နွေရာသီ ကျောင်းပိတ်ရက်တွင် မြို့နယ်အခြေပြုမူလတန်း ဆရာအတတ်သင်တန်း ရက် ၃၀ ပေးပြီးမှ မူလတန်းပြအဖြစ် အတည်ပြုခန့်ထားပါကြောင်း၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင်တန်း တက်ရောက်ပြီး သူများကို မူလတန်းဆရာ အတတ်သင် စာပေးစာယူ သင်တန်း ၁နှစ် ထပ်မံ တက်ရောက်စေပြီး မူလတန်းဆရာအတတ်သင် လက်မှတ်ပေးအပ်ပါကြောင်း။


ကိုယ်စားလှယ် တင်ပြထားသည့် ဖေဖော်ဝါရီလတွင် လျှောက်လွှာများခေါ်ယူပြီး မတ်လတွင် စစ်ဆေးကာ ဧပြီလလယ်မှ မေလလယ်ထိ ဆရာဖြစ် သင်တန်းပေးပြီး ဇွန်လ ကျောင်းဖွင့်ရက်အမီ ခန့်ထားနိုင်ရန်မှာ ၎င်းနေ့စားလပေး (မူလတန်းပြ) ဆရာ၊ ဆရာမအဖြစ် ခေါ်ယူခန့်ထားနိုင်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို ဘဏ္ဍာနှစ် ၁နှစ်ကြိုတင်လျာထားသည့်အတွက် ချက်ချင်း Permanent အဖြစ် ခန့်ထားရန် မဆောင်ရွက်နိုင်ဘဲ နေ့စားလပေး ဦးစွာဆောင်ရွက်ပြီးမှ ဘဏ္ဍာငွေခွင့်ပြုချက်ရရှိသည်နှင့် Permanent အဖြစ် ဆက်လက် ခန့်ထားနိုင်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးငွန်ဟေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည် ပြုပြီးပေးပို့ထားသော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ ခြင်းကို အသိပေးတင်ပြပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြု ပြီးပေးပို့ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် စိုင်းထွန်းအောင် က စာရင်းအင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းရာတွင် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ သည် စာရင်းအင်းဥပဒေကြမ်းကို လေ့လာစိစစ်ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ သည် ကျိုးကြောင်းဆီလျော်မှုရှိပြီးဖြစ်ခြင်း၊ လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရန် လိုအပ်ခြင်းတို့ကြောင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်သင့်ပါကြောင်း ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပါကြောင်း။


သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် စာရင်းအင်း ဥပဒေကြမ်းအပေါ် အကြံပြု ဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံ တင်ပြအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စာရင်းအင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။


ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဦးဝင်းအောင်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ရဲသွင်