ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒသမနေ့ ကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ သထုံမြို့နယ်တွင် လယ်ယာမြေဧက (၂၂၀ဝဝ) အတွက် ရေကြီးနစ်မြုပ်မှုနှင့် ရေငန် ဝင်ရောက်မှုမှ ကာကွယ်ရန် တည်ဆောက်ခဲ့သော ကျုံထော်ရေထိန်းတံခါးကြီး ပြိုကျသွားမှုအပေါ် ဒေသခံသက်တမ်းရင့် တောင်သူ လယ်သမားများ၏ ဆန္ဒအရ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျုံထော်ရေတံခါး တည်ဆောက်ပြီးချိန် ၂၀ဝ၄ခုနှစ်က ရေထိန်းတံခါးမှာ ပင်လယ်ကမ်းမှ ပေ ၆၆၀ဝ ခန့် ကွာဝေးခဲ့ပါ ကြောင်း၊ ၂၀ဝ၈ခုနှစ်မှ စတင်၍ ပင်လယ်ရေစီးကြောင်း ပြောင်းလဲတိုက်စားမှုကြောင့် ၂၀ဝ၉ခုနှစ်တွင် ကမ်းစားနှုန်း တဖြည်းဖြည်းများလာခဲ့ပြီး ၂၀ဝ၉ခုနှစ် မေလ ၅ရက်တွင် ရေထိန်းတံခါးမှာ ပင်လယ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုနှင့်အတူ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

 

ယခုအခါ ကျုံထော်ရေတံခါး၏ မူလအကျိုးပြုလယ်ယာမြေများအား ရေကြီးနစ်မြုပ်မှုနှင့် ရေငန် ဝင်ရောက်မှုများမှ ကာကွယ်ပေးနိုင်ရေးအတွက် ရေနုတ်မြောင်း ၂ခု အပေါ်တွင် ရေထိန်းတံခါး တည် ဆောက်ပေးရန် လိုအပ်လျက်ရှိသော်လည်း လုပ်ငန်း ပမာဏကြီးမားပြီး တည်ဆောက်မှု ကုန်ကျစရိတ် လည်း များပြားနိုင်သည့် အခြေအနေ ဖြစ်ပါကြောင်း၊ ကမ်းပြိုကမ်းစားမှုမှ ကင်းဝေးပြီး နောင်ရေရှည် တည်တံ့ စေရေးအတွက် ရည်ရွယ်၍ ပင်လယ်ရေစီးကြောင်း ပြောင်းလဲတိုက်စားမှုနှင့်အတူ ကမ်းပြို ကမ်းစားမှု အခြေအနေအား အချိန်ယူ၍ စောင့်ကြည့်လေ့လာခြင်း၊ ဒီရေအတက်အကျနှင့် ရေမှတ်များ အား စောင့်ကြည့်တိုင်းတာခြင်း၊ မြေအောက်ဘူမိ ဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ တည်ဆောက်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ချေကိုက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း လုပ်ငန်းရပ်များကို အနည်းဆုံး ၂ နှစ်ခန့် အချိန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ဦးစွာ ရေထိန်းတံခါးများ တည်ဆောက်ပေးရန် ဖြစ်မြောက် နိုင်စွမ်း ရှိ/မရှိ လိုအပ်သည့် စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်ရန်ပုံငွေကို တင်ပြ တောင်းခံဆောင်ရွက်ပြီးနောက် လုပ်ငန်းဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိပြီး အကျိုးဖြစ်ထွန်းမှု လည်း ရှိမည်ဆိုပါက လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် ဒီဇိုင်းပြုလုပ်တွက်ချက်ခြင်းများ ပထမ အဆင့်အနေဖြင့် ဆောင်ရွက်ပြီးမှသာ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအဆင့်ဆင့်ကို စီမံသင့်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးကျော်ဆွေ၏ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မြောက်ပိုင်း၊ ချောင်းဆုံကြီးကျေးရွာအုပ်စု၊ ချောင်းဆုံရွာအနီးတွင် တောင်ယမား ရေလှောင်တမံ ရေပိုလွှဲကျော်ကွန်ကရစ်တံတား ပြုလုပ် ပေးရန်နှင့် ၎င်းတမံ ရေဖောက်ချ၍ ပျက်စီးခဲ့ရသော လယ်ယာမြေများကို ပြန်လည် ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က တောင်ယမားတမံ တည်ဆောက်ပြီးစီးခဲ့သည့် ၂၀ဝဝခုနှစ်မှ စတင်၍ ၂၀၁၇ခုနှစ်အထိ ၁၇နှစ်တာ ကာလအတွင်း ၆နှစ်လောက်တွင် ရေပိုလွှဲမှ ရေကျော်ကျမှုဖြစ်ပေါ်ခဲ့ပြီး အမြင့်ဆုံး ရေကျော်မှုမှာ ၈ပေခန့်နှင့် အများဆုံးကြာချိန်မှာ ၁၁ရက်ခန့်သာ ရှိပါကြောင်း၊ ရေပိုလွှဲ အကျယ်မှာ ပေ ၁၅၀ ရှိပြီး ရေထုစီးနှုန်းမှာ ၁၄၇၀ဝ ကုဗပေ/ စက္ကန့် ဖြစ်သဖြင့် ရေပိုလွှဲအား ဖြတ်ကျော်၍ တံတားတည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ် များပြားမည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ တောင်ယမားရေပိုလွှဲတွင် ရေကျော်ပါက အများဆုံး ၁၁ရက် ခန့်သာ ရှိခြင်း၊ အသုံးပြုသူ နည်းပါးသောလမ်းဖြစ်ခြင်း၊ ရေပိုလွှဲမှ ရေကျော်ချိန်တွင် အခြားဆက်သွယ်ရေးလမ်းဖြစ်သည့် မင်းတိုင် ပင် - ပုလဲ - ကျားတက် - လင်းဂတော - မြိုင် လမ်းအား အသုံးပြုနိုင်ခြင်း၊ ရေပိုလွှဲတံတား တည် ဆောက်မှု ကုန်ကျစရိတ်မှာ များပြားနိုင်ခြင်း၊ ၎င်းလမ်းအား ယခုအသုံးပြုနေသော ငလင်းစေ့ကျေးရွာ နှင့် ပေါက်ရင်း ကျေးရွာများတွင် မြေအောက်စိမ့်ရေကြောင့် စွတ်စိုနေခြင်းအပြင် မြေအောက်ရေမြင့် တက်နေမှုကြောင့် မြေပြင်ပေါ်ရှိ အညစ်အကြေးများ အလွယ်တကူ ဝင်ရောက် နိုင်ပါကြောင်း၊ ယင်း အကျိုးဆက်အရ ဒေသ၏ ရေတွင်းရေကန်များတွင် သန့်ရှင်းမှုမရှိသဖြင့် ကျေးရွာပြောင်းရွှေ့ လိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၂ရက် ခရီးစဉ်တွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ တင်ပြထားမှု အခြေအနေများ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရေပိုလွှဲ တံတားအား လတ်တလောတွင် မတည်ဆောက်သင့်သေးပါကြောင်း၊ စူးစမ်းလေ့လာမှုများ ဆောင်ရွက်ရန် အချိန်ယူလုပ်ကိုင်ရမည့် အခြေအနေဖြစ်ပါကြောင်း။

 

၂၀၁၀ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း (ဂီရိ) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ယမားတမံရှိ ရေပိုလွှဲတွင် ၅ ဒသမ ၃ပေခန့်အထိ ရေကျော် စီးထွက်ခဲ့ကာ ရေပိုလွှဲ၏ အောက်ဘက်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အောက်တိုဘာလကုန်အထိ ရေပိုလွှဲ အရေးပေါ် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် မိုးရာသီအတွင်း ပိုလျှံရေများကို သဘာဝချောင်းရိုးမှ နေ၍ ရေလွှဲ ခဲ့ရသဖြင့် ချောင်းရိုးဘေးတလျှောက်ရှိ လယ်မြေ ၉၈ ဧကခန့်မှာ ရေစီးကြောင်း တိုက်စား၍ ထိခိုက် ပျက်စီးခဲ့ပါကြောင်း။

 

အဆိုပါ လယ်မြေ ၉၈ ဧကအနက် တောင်ယမားမင်းတိုင်ပင်ဖြတ်လမ်း၏ အထက်နှင့် အောက်ရှိ လယ်ယာမြေ ၃၃ဧကခန့်မှာ ရေစားချောက်များ ဖြစ်ပေါ်ခဲ့ပြီး အောက်ခံ မြေသားမှာလည်း ကျောက် မြေများ ဖြစ်သည့်အတွက် ပြန်လည်ဖော်ထုတ် စိုက်ပျိုးရန် မသင့်လျော်သကဲ့သို့ မူလချောင်းရိုးနှင့် ကျွန်းဆင်းချောင်း ပေါင်းဆုံရာ အောက်ပိုင်းရှိ လယ် ၆၅ဧကမှာလည်း သဲထု ၅ပေခန့်အထိ ဖုံးလွှမ်း လျက်ရှိကာ အဆိုပါ သဲများအား ပြန်လည် တူးဖော်ဖယ်ရှားလျင် လက်ရှိချောင်းကြမ်းပြင်အောက် ၁ပေကျော်ခန့် နိမ့်ကျသွားမည် ဖြစ်ပြီး စိမ့်ရေကန်သဖွယ် ဖြစ်သွားနိုင်သောကြောင့် စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းမှု မရှိနိုင်ပါသဖြင့် ဆောင်ရွက်ရန် မသင့်လျော်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ရေပိုလွှဲဖြတ်ကျော်တံတား တည်ဆောက်ခြင်းနှင့် လယ်ယာမြေများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများမှာ အထက်ဖော်ပြပါ အခြေအနေအရပ်ရပ်ကြောင့် ဆောင်ရွက်ရန်သင့်လျော်မှု မရှိပါ ကြောင်း နှင့် တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ကျေးရွာပြောင်းရွှေ့ရေးကိစ္စရပ်များ စဉ်းစားသုံး သပ်လျက်ရှိနေခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ လိုလားမှုကို အခြေခံ၍ တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် စီမံဆောင် ရွက်ပေးမည့် လုပ်ငန်းစဉ်များတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် လိုအပ်သလို ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်) နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်း လင်းဖြေကြားကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စား လှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာရင်းအင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်း နှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဆွေးနွေးသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ် ကြားရှင်းလင်း ရာတွင် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည့် ဥပဒေကြမ်းကော်မတီဝင်များနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တော်များ၏ အကြံပြုကန့်ကွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက် သင့်ပါကြောင်း၊ မိမိတို့ဥပဒေကြမ်း ကော်မတီမှ အစီရင် ခံစာ နှစ်ကြိမ် တင်ပြသည့်အထဲတွင် တင်ပြထားသည့် ပြင်ဆင်ချက်များကို ဆက်လက်အတည်ပြု ဆောင်ရွက်သင့်ပါ ကြောင်း ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအား ပြဋ္ဌာန်းရန် သင့်၊ မသင့် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒရယူရာ ယင်းဥပဒေကြမ်းအား ပြဋ္ဌာန်းရန် ထောက်ခံမဲ ၁၁၉မဲ၊ ကန့်ကွက်မဲ ၇၄မဲ ဖြစ်ပြီး ထောက်ခံမဲများသည့်အတွက် ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ဆက်လက်ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်း၏ ပြင်ဆင်ချက်ရှိသော အပိုဒ်များကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ရက်မြောက် နေ့ကို နိုဝင်ဘာလ ၁၄ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်