ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၇ နိုဝင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းများက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြု လွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ် (ခ) ဦးကိုလတ်၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဖွင့်လှစ်ထားသော ကာရာအိုကေဆိုင်များသည် သက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားခြင်း ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဗီဒီယိုကာရာအိုကေလုပ်ငန်းများကို ၂၀ဝ၀ ပြည့်နှစ်မှစ၍ ခွင့်ပြုခဲ့ရာ ဗီဒီယိုကာရာ အိုကေလုပ်ငန်း လိုင်စင်ခွင့်ပြုထားသူ ၁၄ ဦးရှိပြီး ရှမ်းပြည်နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် တရားဝင်လိုင်စင် ရယူဖွင့်လှစ်ခွင့်ပြုထားပါကြောင်း၊ လိုင်စင်မရှိဘဲ တရား မဝင်ဖွင့်လှစ်ပါက ၁၉၉၆ခုနှစ်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထိုသူကို ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀ဝ၀ဝ၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်ကိုဖြစ်စေ ချမှတ်ရမည်ဖြစ်သည့်အပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဆလုံ(မော်ကင်း) လူမျိုးအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းတို့ကို မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိသော ဆလုံ(ခ)မော်ကင်း လူမျိုးတို့၏ ဓလေ့ထုံးစံများ ထိန်းသိမ်းကာကွယ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးဖော်ဆောင်ခြင်းနှင့် လူမျိုးစု မတိမ်ကော မပပျောက်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များသည် ရေရှည်အချိန်ယူ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ စဉ်ဆက် မပြတ်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုံလောက်သော ရန်ပုံ ငွေများလိုအပ်ခြင်းနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် မနုဿဗေဒ ပညာရှင်ကဲ့သို့ ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရန် လိုအပ်ပါကြောင်း။

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများကို ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဆလုံ(မော်ကင်း) မျိုးနွယ်စုအပြင် အခြားတိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်) နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်အုန်းကြည်က ယင်းပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို နိုဝင်ဘာလ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်