နေပြည်တော် ၃၀ နိုဝင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် a အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၂ခု ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်း ၂ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း ၏ ချင်း ပြည်နယ်၊ ပလက်ဝမြို့၊ သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ အဆောင်သစ် (၆၀x၃၀)ပေ နှစ်ထပ်ဆောင်တစ်ဆောင်နှင့် မြို့နယ်ဦးစီးအရာရှိနေအိမ် (၄၀x၃၀)ပေ တစ်လုံးတို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပလက်ဝမြို့နယ်၊ သစ်တောဦးစီးဌာနတွင် အရာထမ်း၊ အမှုထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ အဆောင်သစ် ပေ(၆၀x၃၀) နှစ်ထပ်ဆောင် တစ်ဆောင်နှင့် မြို့နယ်ဦးစီးအရာရှိနေအိမ် ပေ(၄၀x၃၀) တစ်လုံးတို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေမှ ဆောက်လုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိပါက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
)မှ ဦးစိုင်းစံအောင် ၏ ရှမ်းပြည်နယ်၊ ”ဝ“ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ဖာခါးသစ်တောကြိုးဝိုင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းကို ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ဟိုပန်မြို့နယ်အတွင်း ရှိ ဧရိယာအကျယ်အဝန်း ၁၈၁၁၆ ဧကအား ဝန်ကြီးဌာန၏ ၂၀ဝ၂ခုနှစ် ဇန်နဝါရီ ၉ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဖာခါးကြိုးဝိုင်းအဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး စတင်ဖွဲ့ စည်းစဉ်က အဆိုပြု ဧရိယာအတွင်း ထင်ရှားသည့် တောင်တန်း/တောင်ကုန်း များ၊ မြစ်ချောင်းများ မရှိခဲ့ခြင်း ကြောင့် ဝန်ထမ်းများမှ ဖာခါးကျေးရွာကို အစွဲပြု၍ ဖာခါးကြိုးဝိုင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။
ဖာခါးကြိုးဝိုင်းတောကို တောတောင်ရေမြေများ ထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်း စဉ်ဆက်မပြတ် ထုတ်လုပ်ရန် ရည်ရွယ်ပြီး ကြိုးဝိုင်းဖွဲ့စည်းတည် ထောင်ခဲ့ခြင်း ဖြစ်သည့်အတွက် သစ်တောဥပဒေပုဒ်မ (၄၀)ပါ တားမြစ်ချက်များ ဖြင့်လည်းကောင်း၊ သစ်တောပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း စဉ်ဆက် မပြတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ စီးပွားရေးအရ (ကျွန်း) စိုက်ခင်းနှင့် ကျေးရွာသုံး စိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်း၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက စိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်းများကို ဆောင်ရွက် ထားပါကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများ စီမံကိန်း ကိုလည်း ဖာခါးကြိုးဝိုင်းအတွင်း ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ခုနှစ်တွင် ကျေးရွာသုံးထင်း စိုက်ခင်းဧက ၅၀ စီကိုလည်းကောင်း၊ ၂၀၂၀ - ၂၀၂၁ မှ ၂၀၂၆ - ၂၀၂၇ထိ ရေဝေရေ လဲစိုက်ခင်းဧက ၅၀ စီကိုလည်းကောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း ၁၇၇၆ ဧကကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
၂၀၁၃ခုနှစ်၌ သစ်တောမြေများအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိ အခြေချနေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများအား ပြန်လည် နေရာချထားပေးရန် လမ်းညွှန်ချက်အရ ဆက်စပ်ဌာနများ ပါဝင်သည့် ပြည်နယ်/ခရိုင်/ မြို့နယ် ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်း၍ ဒေသခံကျေးရွာပြည်သူများ ပူးပေါင်းမှု ဖြင့် ကွင်းဆင်းစာရင်း ကောက်ယူချက်အရ ဖာခါးကြိုးဝိုင်းအတွင်း ရွာမြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ နှစ်ရှည်/စိုက်ခင်းမြေနှင့် သာသနာ/အများပိုင်မြေများ စာရင်း ကောက်ယူခဲ့ပြီး ပယ်ဖျက်ပေးခဲ့ပါကြောင်း။
ကြိုးဝိုင်းအတွင်း စာရင်းကောက်ယူရရှိသည့် ယာမြေများကို သစ်တောမြေအဖြစ် မှ ပယ်ဖျက်ပေးခြင်းမပြုဘဲ သီးနှံသစ်တောရောနှောစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်စေပြီး ဥယျာဉ်ခြံမြေများအား နှစ်ရှည်မြေငှားရမ်းစနစ် ဖြင့် ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖာခါးသစ်တောကြိုးဝိုင်းအတွင်းရှိ အိမ်ခြေ ၅၀အောက် ပြည်ထဲရေးအမည်ပေါက်နှင့် အမည်မပေါက်သော်လည်း အခိုင်အမာတည်ရှိပြီး ဖြစ် သည့်ကျေးရွာမြေများအား သစ်တောမြေမှ ပယ်ဖျက်နိုင်ရေးအတွက် တင်ပြခဲ့မှုအပေါ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၈)မှ သစ်တောမြေမှ ပယ်ဖျက် ပေးနိုင်မည့် မြေပြင်အခြေအနေ များကို အဖွဲ့စုံဖြင့် ကွင်းဆင်း၍ ဝန်ကြီးဌာနမှ ပြန်လည်စိစစ်တင်ပြသွားရန် ဆုံးဖြတ် ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် ၏ ရခိုင်ပြည်နယ်၊ မြောက် ဦးမြို့နယ်ရှိ လင်းမြွတောင်တန်းကြီးကို လုံးဝပျက်စီးဆုံးရှုံးသွားစေနိုင်သည့် ကျောက် မိုင်းခွဲကာ ကျောက်ထုတ်လုပ်နေမှုကို သက်ဆိုင်ရာမှ ရပ်တန့်စေပြီး နောင်တွင်လည်း ဤနေရာကို ကျောက်ထုတ်လုပ်ခြင်းမှ တားမြစ်ထားသော နယ်မြေအဖြစ် သတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လင်းမြွတောင်တန်းတွင် ကျောက်ထုတ်လုပ်တူးဖော်ခြင်းများကြောင့် ရှေးဟောင်း အမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်မှုဖြင့် ဒေသခံ ပြည်သူများမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုင်ကြားမှုအပေါ် ကျောက်ထုတ်လုပ်မှုကို ချက်ချင်းရပ်တန့်ပေးရန်၊ ခွင့်ပြုချက်မဲ့ ကျောက်ထုတ်လုပ်မှုများ မပြုလုပ်နိုင်ရေး ကြီး ကြပ်ဆောင်ရွက်သွားရန်နှင့် ကျောက်ထုတ်လုပ်နေသူများအား သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သိရှိကြောင်း လက်မှတ်ထိုးထားရန် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြောင်းကြားထားရှိသည့်နေ့မှ ယနေ့အထိ ကျောက်ထုတ်လုပ်မှု မရှိဘဲ ရပ်တန့်ထားပါကြောင်းနှင့် ကျောက်ထုတ်လုပ်မှုများ ထပ်မံပြုလုပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ မှတ်တမ်းဓာတ်ပုံများဖြင့် အချိန်နှင့် တပြေးညီတင်ပြသွားရန် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများအား အကြောင်းကြားထားရှိပါကြောင်း။
လင်းမြွတောင်တန်းတွင် တရားမဝင် ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်ထုတ် လုပ်ခြင်း မရှိစေရေး အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး လင်းမြွတောင်တန်း အား ကျောက်ထုတ်လုပ် ခွင့်မပြု ရန် တားမြစ်ထားသော နယ်မြေအဖြစ် သတ်မှတ် သွားရန် သင့်/မသင့် ကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ကွင်းဆင်းစိစစ်သွားမည် ဖြစ်ပြီး ၄င်းတို့၏ တင်ပြချက် များအပေါ် ရခိုင်ပြည်နယ်အစိုးရမှ စိစစ်ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) မှ စောယှားဖောင်အွာ တို့၏မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့် ဆွေက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမိုး ကပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ခုနှစ်၊ လောင်းက စားဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ် ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ဥပဒေ ကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ် အောင်က ရာဇသတ်ကြီး ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းအား တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း က အဆိုပါ ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၀) မှ ဒေါက်တာမျိုးအောင်က ထောက်ခံသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး နဝမနေ့ကို ဒီဇင်ဘာ ၄ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်