နေပြည်တော်  ၂၇  နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ် တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ ``ရခိုင်ပြည်နယ် စစ်တွေမြို့ ခုတင် (၅၀ဝ)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လစ် လပ်၍ လိုအပ်လျက်ရှိသော အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာ ပြုများကို အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း´´ နှင့်စပ်လျဉ်း၍ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဘာသာရပ်ဆိုင်ရာ ဆရာဝန်များ၏ ဖွဲ့စည်းပုံတွင် ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မေ့ဆေး၊ အရိုးတို့တွင် ခွင့်ပြုအင်အား အထူးကုဆရာဝန်ကြီး ၂ ဦးနှင့် အထူးကုဆရာဝန် ၄ ဦး ခွင့်ပြုထားပြီး ကျန်ဘာသာ ရပ်များ၏ ခွင့်ပြုအင်အားတွင် အထူးကုဆရာဝန်ကြီး ၁ ဦးနှင့် အထူးကု ဆရာဝန် ၁ ဦးဖြင့်သာ ဖွဲ့စည်းထားပါကြောင်း။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လက်ထောက်ဆရာဝန်(သစ်လွင်)များ ခန့်ထား သည့်အခါ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့သို့ ခန့်ထားပေးရန် စီစဉ်ထားရှိပါကြောင်း၊ လက်ထောက်ဆရာဝန်များကို လုပ်ငန်းလိုအပ်ချက်အရ ဆေးရုံများသို့ ပြောင်းရွှေ့ခန့် ထားချိန်၌လည်း ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ လုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့ အချိုးကျ ခွဲဝေခန့်ထားပေးသွားမည်ဖြစ် ကြောင်း။

 

လစ်လပ်လျက်ရှိသော အထက်တန်းသူနာပြုရာထူးနေရာများအတွက် ရခိုင်ပြည် နယ် ကုသရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက် ရက်စွဲဖြင့် ရာထူးတိုး ခေါ်ယူခြင်း ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ခန့်ထားချိန်တွင် ဦးစားပေးခန့်ထား ပေးမည်ဖြစ်ကြောင်းနှင့် သူနာပြုရာထူးလစ်လပ်နေရာများအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် သစ်လွင် သူနာပြုများကို ခန့်ထားသည့်အခါ လုပ်ငန်းလိုအပ်ချက်အရ ခွဲဝေခန့်ထားပေးနိုင်မည် ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း ၏ ``မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ရှိသိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် လူနာဆောင် များကို စံကိုက် ၂ ထပ်လူနာဆောင် သို့မဟုတ် သင့်လျော်ရာ စံကိုက်လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာ များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် သို့မဟုတ် အနီးဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း´´ နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ်ဆေးရုံ (၁၆)ခုတင်ဆံ့တွင် လူနာ ကုသဆောင် ၂ ဆောင်ရှိပြီး တိုက်နယ်ဆေးရုံ၏ အတွင်းလူနာ တက်ရောက် ကုသမှုသည် တစ်ရက်လျင် ပျမ်းမျှ ၃၅ ဒသမ ၆ ဦး ဖြစ်ခြင်း၊ အဆောက်အဦများသည် လူနာကုသဝန်ဆောင်မှုများအတွက် ပြန်လည်တည်ဆောက်ရန်  လိုအပ်ခြင်းနှင့် မြေနေ ရာရှိမှုအခြေအနေများအရ တိုးချဲ့၁ ထပ် လူနာဆောင် ၁ ဆောင် ဆောက်လုပ်ရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လျာထားတင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ ``ပြည်သူ တို့၏ ကျန်းမာရေးဖွံ့ဖြိုးမှု၊ စောင့်ရှောက်မှုနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ ယခုထက်ပိုမို လုပ်ဆောင်နိုင်ရန် ခရိုင်မြို့ကြီးများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ သီးသန့်ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း´´ နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ် အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် အချို့ခရိုင်မြို့ကြီးများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ခန့်ထားဆောင်ရွက် ခဲ့ပါကြောင်း။

 

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခန့်ထားနိုင်ခြင်းမရှိသည့် ခရိုင်မြို့ကြီးများ ၏ မြို့နယ်များ၌ ဒုတိယ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ခန့်ထား၍သော် လည်းကောင်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ ဦးစီးအရာရှိများခန့်ထား၍သော်လည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာ ရေးလုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ခရိုင်မြို့ကြီးများ၌ လစ်လပ်လျက်ရှိသောမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ရာထူးနေရာများအား လုပ်ငန်းလိုအပ်ချက်အရ ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း နှင့် လက်ထောက်ဆရာဝန်သစ်လွင်များ ခန့်ထားသည့်အခါ လုပ်သက်ရင့်၊ အတွေ့ အကြုံရှိသည့် ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အဖွဲ့ခေါင်းဆောင် ဆရာ ဝန် ဦးစီးအရာရှိများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရာထူးသို့ တိုးမြှင့်ခန့် ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ `` နှစ်ပေါင်း ၁၃၂ နှစ် ရှိပြီဖြစ်သော သထုံခရိုင် ပြည်သူ့ဆေးရုံးကြီး ဖျားနာကုသဆောင် အဆောက် အဦသည် ကြံ့ခိုင်မှုမရှိ တော့ပါသဖြင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်း´´နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က  ရှင်းလင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ ``မွန်ပြည်နယ် သထုံ ခရိုင် ဘီးလင်းမြို့နယ်အတွင်း မြို့နယ်ကွပ်ကဲရေးရုံးအဖွဲ့၏ စီမံခန့်ခွဲမှု လွယ်ကူစေရန်နှင့် တစ်စုတစ်စည်းတည်းဖြစ်စေရန် လူ(၁၀ဝ၀)ဆံ့မည့် မီးစက်၊ သန့်စင်ခန်း၊ ရေကန်ပါဝင် သော ကယ်ဆယ်ရေးစခန်း အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်း´´နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရေဘေးဖြစ်ပွားချိန်တွင် ရေဘေးသင့် ပြည်သူများအား စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် နေရာဖြန့်ခွဲ၍ ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်ထားရခြင်းကြောင့် ကူညီကယ်ဆယ်ထောက်ပံ့ရေးအတွက် ကြီးကြပ် ကွပ်ကဲရာတွင် အခက်အခဲမရှိစေရေး မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ကယ်ဆယ် ရေးစခန်းအဖြစ်အသုံးပြုနိုင်ရန် သန့်စင်ခန်း၊ ရေကန်ပါဝင်သော Multi Purpose Shelter တစ်လုံးကို ၂၀၁၉ ခုနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် သန်း(၂၀ဝ)ဖြင့် ဆောက်လုပ်ပေးနိုင်ရေး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း။

 

အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှု ပေးပို့ နိုင်ရေးနှင့် မြေနေရာရွေးချယ်အတည်ပြုပေးနိုင်ရေး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၇) ရက်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်းနှင့် မီးစက် ထားရှိနိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ (၂ ဒသမ ၅ ကီလိုဝပ်) ရှိ မီးစက်တစ်လုံးကို အဆောက်အဦ ပြီးစီးသည့်အချိန်တွင် ပေးပို့ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ `` အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေအား ရေးဆွဲခြင်းလုပ်ငန်း မည်သည့် အခြေအနေတွင် ရှိနေပြီး မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်း´´ နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ၂၀၁၄ ခုနှစ်မှစ၍ ရေးဆွဲဆောင်ရွက်ခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)အား အောင်မြင်စွာရေးဆွဲနိုင် ရေးအတွက် ဥပဒေ(မူကြမ်း)ကို ရေးဆွဲရေးဦးဆောင်ကော်မတီ၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

ဥပဒေ(မူကြမ်း)အား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ခဲ့ပါကြောင်း၊ ပေးပို့ထား သော ဥပဒေကြမ်း၌ လိုအပ်ချက်များရှိပါက လက်ရှိအစိုးရအဖွဲ့၏ မူဝါဒများနှင့် အညီသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေးနှင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ပါရန် ဥပဒေ(မူကြမ်း)အား ၂၀၁၆ ခုနှစ် ဧပြီလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြန်လည်ပေးပို့လာသည့်အတွက် လိုအပ်သည့်သုံးသပ် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ဥပဒေမထွက်ရှိသေးသော်လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေတွင်ပါရှိ သည်‌့ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် ခေတ္တနားခိုရာစင်တာများကို  ဖွင့်လှစ် ထားရှိခြင်း၊ ရေတိုရေရှည်ဝန်ဆောင်မှုများ၊ ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိခြင်း နှင့်  တရားရင်ဆိုင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ရာဇသတ်ကြီးဥပဒေတွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင်‌့ပတ်သက်၍ လိုအပ်ချက်များရှိနေပါသဖြင်‌့ ဥပဒေထွက်ရှိပြီးပါက လက်တွေ့လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အချိန်ယူ၍ အသေးစိတ်ဆွေးနွေးခဲ့ပါ ကြောင်း။

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားအကြံပြုချက် ရရှိရေးအတွက် ထပ်မံပေးပို့ ညှိနှိုင်းထားရှိပါကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင်က ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော စာသုံးသူကာကွယ်ရေးဥပဒေကြမ်း ကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် အစီရင်ခံစာကို ဖတ်ကြားသည်။

 

 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ လာသော ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့်  ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အလုပ်သမား ရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာခင်မကြီးတို့က ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးကြသည်။

 

လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ၂၈ ရက်တွင် ကျင်းပမည့် အစည်း အဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

မော်စီ (သတင်းစဉ်)