နေပြည်တော် ၁၁ ဇန်နဝါရီ

 

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်ရှိ မြဝတီသတင်းစာတိုက်၌ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသတင်းစာတိုက်ရှိ ဇေယျသုခဓမ္မာရုံတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ပျဉ်းမနားမြို့ ရွာကောက်ရပ်ရှိ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိအမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး မြဝတီသတင်းစာတိုက် စာတည်းမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

4

 

အခမ်းအနားတွင် ဧည့်ပရိသတ်များက ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ ပဋ္ဌာန်းအကြောင်း တရားတော်နာယူကြပြီး စာတည်းမှူးချုပ်နှင့် အလှူရှင်များက သံဃာတော်များထံ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ပဋ္ဌာန်းပါဠိတော် ၂၄ ပစ္စည်းအား ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျ သံဃာတော်အရှင်သူမြတ်က ပဋ္ဌာန်းပစ္စယ နိဒ္ဒေသပါဠိတော်များကို အစဉ်အတိုင်း ရွတ်ဖတ်ပူဇော်သည်။

 

အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်လှိုင်ဝင်း(မြဝတီ)