မုံရွာ ၁၂ ဇွန်
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ (၁၂)ရက် နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းနှင့် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ (၁၀ဝ)ဦး ရှိသည့်အနက် (၉၀)ဦး တက်ရောက်သည့်အတွက် (၉၀%)ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ် (၆)ဦးက ကြယ်ပွင့်ပြမေးခွန်း (၆)ခုအား မေးမြန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးသန်းက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ကို ဇွန်လ(၁၃)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း ကြေညာသည်။
ဝင်းဦး(ဇေယျာတိုင်း)