mdn

ဘားအံ   ၂၁  ဇွန်

 

ကရင်ပြည်နယ်အတွင်း လယ်ယာနှင့် ဥယျာဉ်ခြံထွက် သီးနှံများကိုအခြေခံပြီး တန်ဖိုးမြင့်စာသောက်ကုန်များအဖြစ် ဈေးကွက်ဝင်စေရန် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံ အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ် နည်းသင်တန်းကို လူသရမ်ဝေါ ဖက်ဒရေးရှင်းမြန်မာ စီမံကိန်းနှင့် ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတို့ ပူးပေါင်း၍ ဒုတိယအကြိမ် သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲကို ဇွန်၂၁ ရက် မွန်လွဲပိုင်းက ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ နည်းပညာပေး သင်တန်းဆောင်တွင် ပြုလုပ်ခဲ့ကြသည်။

 

သင်တန်းကို ဇွန် ၁၇ ရက်ကစတင်ခဲ့ပြီး  ဖာပွန်နှင့် ကြာအင်းဆိပ်ကြီးဒေသများမှ သင်တန်းသား၊ သင်တန်းသူ (၂၃) ဦးအား ဒေသထွက်သီးနှံများဖြစ်သည့် သရက်သီး၊ သံပရာသီး၊ ရှောက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး စသည့် ဒေသအလိုက်ထွက်ရှိသည့် သီးနှံများကို ယို၊ ဖျော်ရည်၊ ဝိုင်၊ ဆော့ ပြုလုပ်နည်းများ၊ ပြည်တွင်းထွက်ဆန်နှင့် ပြောင်းကို အခြေခံ၍ ဘီစကစ်၊ ကွတ်ကီးအဖြစ် ပြုလုပ်နည်းများကို သင်တန်းကာလ (၅) ရက်တိုင် ဒုတိယအကြိမ် သင်ကြားပေးခြင်းဖြစ်သည်။ 

 

ပထမအကြိမ်သင်တန်းတွင် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသူ ၂၀ အား သင်ကြားပေးခဲ့ကာ သင်တန်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း ကျောင်းအုပ် ထံမှ သိရသည်။

 

သင်တန်းဆင်းပွဲတွင် ဘားအံမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ဧကရီအောင်အောင် က သင်တန်းဆင်း အမှာစကားပြောကြာသည်။  ဆက်လက်၍ လူသရမ်ဝေါဖက်ဒရေးရှင်းမြန်မာ စီမံကိန်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မိမိလှိုင်နှင့် ကျေးရွာလူထု စွမ်းဆောင်ရည်မြှင့်တင်ရေးအရာရှိ ဦးခိုင်ခန့်မောင်တို့က   သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အသက်မွေးပညာ ရပ်များ ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်း ပြောကြားကြပြီး တာဝန်ရှိသူများက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ခဲ့ကြသည်။

 

နေမျိုးလွင်(ပြန်/ဆက်) 

 

mdn