နောင်ချို ၄ ဒီဇင်ဘာ
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်၊ ၁၃၈၁ခု၊ နတ်တော်လဆန်း(၈)ရက်နေ့တွင် ကျရောက်သည့် ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ ဗ( 2^nd Anniversary Danu National Day) အခမ်းအနားကို ကျောက်မဲခရိုင်၊ နောင်ချို မြို့နယ် မြို့မအားကစားကွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ "ကြိုဆိုပါတယ်ဓနုမြေ" ဂုဏ်ပြု တေးဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

၎င်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဌထံမှပေးပို့လာသော ဓနုအမျိုးသားနေ့ သဝဏ်လွှာအား ဦးအောင်ကျော်မှ လည်းကောင်း၊အမျိုးသားလွှတ်တော်ဥက္ကဌထံမှ ပေးပို့လာသော သဝဏ်လွှာအား နာယက အဖွဲ့ ဦးချိန်ကြီးမှ လည်းကောင်း ဖတ်ကြားခဲ့ကြသည်။
အခမ်းအနား၌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က အမှာစကားပြောကြားခဲ့ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေများ ပေးအပ်ခဲ့ရာ ဓနုအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဘဏ္ဍာရေးမှူး ဦးဝင်းမြင့်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ ရှေးဦးစွာ ဓနုတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့က အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

၎င်းနောက်တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် နာယက ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်း၊ ဓနုတိုင်းရင်းသားရေးရာ(ဗဟို) အဖွဲ့ချုပ်အလှည့်ကျ ဥက္ကဌ ဦးနေမျိုးကျော်တို့က အသီးသီး အမှာစကားပြောကြားကာ အလှူငွေများကိုလည်း အသီးသီးလှူဒါန်းပေးခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြသည်။
အခမ်းအနား၌ မြို့နယ်အသီးသီးမှ ဂုဏ်ထူးဆောင်ကျောင်းသား/သူများနှင့် ဓာတ်ပုံဆုရ ပုဂ္ဂိုလ်များ အားဆုများချီးမြှင့်ခြင်း၊ ကျပ်(၅)သိန်းနှင့်အထက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌနှင့်ဇနီး၊ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် နာယက၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်မှ အမှုဆောင် အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊ ပြည်နယ်အဆင့်၊ခရိုင်အဆင့် အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဓနုအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်(၉)ခုမှ ဓနုတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား တစ်သောင်းခွဲကျော် တက်ရောက်ခဲ့ကြောင်းနှင့် ဓနုအမျိုးသားနေ့ကို မြို့နယ်(၈)မြို့နယ်၌ အလှည့်ကျ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထွေးငယ်(နောင်ချို) ၊ ပြန်/ဆက်