ပုသိမ် ၄ ဇွန်
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၅၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး စုစုပေါင်း ၇၂ ဦး အနက် ၆၈ ဦး တက်ရောက်ပြီး ၉၄ ဒသမ ၄၄ ရာခိုင်နှုန်းရှိ၍ တက်ရောက်ခွင့်ရှိသူ၏ ထက်ဝက်ကျော်သဖြင့် အစည်အဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ကြေညာသည်။
ထို့နောက် အသစ်လဲလှယ်သည့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးပြီး အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဒေါ်ရီရီထွန်းက “တိုင်းအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Facility Quarantine Center များဖွင့်လှစ်ထားရှိမှု အချိန်ကြာမြင့်လာသဖြင့် ၎င်း Center များအတွက် ငွေကြေးထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ”၊ ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက “ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်နေသော Quarantine စခန်းများရေရှည်အတွက် စီမံထားရှိမှုအား သိလိုကြောင်း”၊ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက “ဂန်ချောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရန် တင်ပြမှုအပေါ် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားခြင်း၊ အတည်ပြုခြင်း၊ ခွင့်ပြုမိန့်ထုတ်ပြန်ခြင်း၊ ဗဟိုကော်မတီသို့ တင်ပြသည့် အမှုတွဲ၊ အငြင်းပွားသည့် အမှုတွဲအရေအတွက်နှင့် မည်သို့ဖြေရှင်းဆုံးဖြတ်ထားသည်ကို သိလိုကြောင်း”၊ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်းက “ထော်ပုဏ္ဏားသင်္ကန်းကုန်း ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်း (သို့) ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရေးနှင့် မကျီးပင်သင်္ကန်းကုန်း ကျေးလက်ကျန်းမာရေးဌာနခွဲအား အဆင့်တိုးမြှင့်ပေးရေး”၊ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က “ရွှေလောင်းသုဿာန်မြေဟောင်းနေရာတွင် သာသနာ့ဗိမ္မာန်တည်ဆောက်လိုသည့်အတွက် ဆောင်ရွက်ပေးမည့်အခြေအနေ” နှင့် ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက “တာကွေ့-ဖောင်ရိုးချောင်း-ဥတို-ကျုံရစ် ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန် အစီးအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းများအား မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ယင်းနောက် ၂၀၁၈ ခုနှစ် (၄/၂၀၁၈ မှ ၉/၂၀၁၈ လအထိ) နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ချက် အစီရင်ခံစာကို တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်စမ်းစမ်းခိုင်က တင်သွင်းသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီက ဆက်လက်ဆောင်ရွက်ရန်နှင့် ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတင်သွင်းမည့်နေ့ရက်ကို လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ကြေညာခဲ့ပြီး အစည်းအဝေးပထမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
ကိုတွတ် (ပြန်/ဆက်)


