ဟားခါး ၂၇ ဇွန်
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့ဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂၃)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဝေးလံခေါင်းပါး၍ မတိုးတက် မဖွံ့ဖြိုးသေးသော နယ်စပ်ဒေသများ တိုးတက်ဖွံ့ဖြိုး လာစေရန် နတလဦးစီးဌာန၏ ဒေသန္တရ ဘဏ္ဍာငွေ ငွေလုံးငွေရင်းတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်း၊ တလန်ရွား(က)ရွာမှ ဟရီဖီးရွာ အထိ (၁၂)မိုင် မော်တော်ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ သိရှိလိုသောမေးခွန်း၊ ထန်တလန်မြို့နယ် ငဖိုင်ပီးကျေးရွာအုပ်စု၊ခွါပီးလိုရွာ အနီးတွင် ရှိသော ဖားဖဲလယ်ယာမြေဧက (၁၀ဝ)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖော်ထုတ်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုသောမေးခွန်း၊ ထန်တလန် မြို့နယ်၊ဟရီဖီး(က)ရွာ၊ရိုရေနယ်တွင် (၂)မိုင်(၄)ဖာလုံကွာဝေးသောရေသွယ်မြောင်းအား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုသော မေးခွန်း၊ တီးတိန်မြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုသောမေးခွန်း အပါအဝင် မေးခွန်း(၈)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည် ဖြေကြားကြသည်။
ထို့နောက် လစ်လပ်သည့် ချင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နေရာအတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးပြေမင်းက မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း၏ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းရာ လွှတ်တော်က သဘောတူသည့်အတွက် ဦးတိတ်ထန်းအား ချင်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ကြသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးတိတ်ထန်းသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုခြင်း ဆောင်ရွက်သည်။
ဆက်လက်၍ ချင်းပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရာ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေးဥပဒေ (မူကြမ်း)နှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းတို့ကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္ထုဝန်ကြီး ဦးမန်ဟင်းဒါလ်က ချင်းပြည်နယ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)ကိုလည်းကောင်း လွှတ်တော်သို့တင်သွင်းကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းရန် ကြေညာပြီး အစည်းအဝေးကို မွန်းတည့် (၁၂)နာရီတွင် ရပ်နားသည်။
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ် ပြန်/ဆက်