မြစ်ကြီးနား ၁၀ ဇွန်
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲဖွင့်လှစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေး လုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းနှင့် ပြည်နယ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်ရန် ACC Myanmar မြစ်ကြီနားရုံးခွဲ ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ခေါင်လန်ဖူး မြို့နယ်အရှေ့ဘက်ခြမ်းရှိ သောက်သုံးရေခက်ခဲသော လာတားကော်ကျေးရွာအုပ်စု၊ ချာခွားတန်း ကျေးရွာ၊ ဇီးထန်ကျေးရွာအုပ်စု၊ ဇီးထန်၊ မရန်ဒုံနှင့် ဗဇူးကျေးရွာများ၊ ဒါလန်ကျေးရွာအုပ်စု၊ အောက်လိန် ဂေါင်နှင့် ရန်နမ်းကျေးရွာတို့တွင် ရေသွယ်လုပ်ငန်းနှင့် ရေစုကန်(၁)ကန်စီတို့အား ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများကို မေးမြန်းရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကိုယ်စား လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအပိုင်အတွင်း ဖားကန့်သို့ သွယ်တန်းထားသော 33 KVA ဓာတ်အားလိုင်းဖြတ်သန်းရာလမ်းတစ်လျှောက် စိုက်ခင်းများရှိ ဒညင်းပင်၊ လိမ္မော်ပင်များကို ခုတ်လဲထားရာ မည်သည့်လျော်ကြေးမျှ ပေးလျော်ခြင်းမရှိပါသဖြင့် ပျက်စီးသွားသည့် အခင်း၊ အပင်များ အတွက်လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက် ကမ်း မံမလင်းအုပ်စု၊ ကျေးရွာ(၆)ရွာမှ အောင်သာနှင့် နောင်စင့်ကျေးရွာသည် ထီးလင်းကျေးရွာတွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခု တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း(၈)ခုကို မေးမြန်းကြရာ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးနှင့် လူမှုရေးဝန်ကြီးကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အစည်းအဝေး ပထမနေ့တွင် တင်သွင်းထားခဲ့သော “ကချင်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဥပဒေကြမ်း” ကို ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်ကာ အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားခဲ့ကြောင်း ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN