မြစ်ကြီးနား ၂၄ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောကိစ္စနှင့် ပတ်သက်၍ တရုတ်တွဲကားကြီးများကို ကချင်ပြည်နယ်အတွင်းသို့ ဝင်ခွင့်မပြုဘဲ နယ်စပ်ဂိတ်များတွင်သာ ကုန်ပစ္စည်း အချိန်းအပြောင်းလုပ်ပေးပါက လမ်း၊ တံတားပျက်စီးမှု၊ သယံဇာတခိုးထုတ်မှုများမှ အလိုအလျှောက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီ၏ အကြံပြုချက်အနေဖြင့် တင်သွင်းခဲ့သော်လည်း မည်သည့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အစီရင်ခံစာအပေါ် ဆွေးနွေးခြင်းများမရှိခဲ့သလို၊ ပြည်နယ်အစိုးရအနေဖြင့်လည်း လက်ခံစဉ်းစားပေးခဲ့ခြင်းမရှိသည့် အတွက်ကြောင့် ယခုအချိန်အထိ တစ်သျှူးငှက်ပျောသယ် တရုတ်တွဲကားကြီးများ လွပ်လပ်စွာ သွားလာနေသည်ကို တွေ့ရှိနေရသလို လမ်း၊ တံတားများလည်း အတော်ပျက်စီးလာသည်ကို တွေ့မြင်နေရပါသဖြင့် ကချင်ပြည်နယ်၏ ဆုံးရှုံးနစ်နာမှုများအား ထောက်ရှု၍ တရားဝင်ပိတ်သိမ်းပြီး နယ်စပ်ဂိတ်တွင်သာ ကုန်ပစ္စည်းအချိန်းအပြောင်းပြုလုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်း အပါအဝင် မေးခွန်း(၁၂)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကချင်ပြည်နယ်၏ “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(စာရင်းချုပ်) လျားထားချက်” တင်သွင်းပြီး ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက “ကချင်ပြည်နယ် အတွင်းရှိမဲဆန္ဒရှင်ပြည်သူများလိုအပ်ချက်အရ ပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ လွှတ်တော်သို့ အလေးအနက်ထား ကိုယ်တိုင်ဖြေကြားပေးရန်” အဆိုတစ်ခုကို တင်သွင်းပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်