ဘားအံ ၂၃ စက်တင်ဘာ
ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို မေးမြန်းခဲ့ကာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာ ရေးနှစ် ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည်ပြုနိုင်ရေးအတွက် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏အစီရင်ခံစာနှင့် ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌကလည်ကောင်း၊ ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌကလည်ကောင်း ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အဆိုပါဥပဒေကြမ်း(၂)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး အစည်းအဝေးပထမနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)