လွိုင်ကော် ၁၂ ဇွန်
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၂ ရက် နံနက် ၁၀ နာရီက ကယားပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၏ “ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ လောဂျာကျေးရွာ အ.မ.က စာသင်ကျောင်းအား အသစ်ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အဆင့်ဆင့် ဆက်လက်တင်ပြကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်ပြီး ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ကိုယ်စား ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က “ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့တွင်လူဦးရေထူထပ် သိပ်သည်း နေပါသဖြင့် လစ်လပ်နေသော သင့်လျော်သည့် မြေလွတ်မြေရိုင်းတွင် လူနေမြေကွက်များ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း” နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးဘော့စ်ကိုက လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့် စုငွေဥပဒေ (မူကြမ်း) တစ်ရပ်လုံးအား ဦးဘော့စ်ကို၏ ပြင်ဆင်ချက်အဆိုအပေါ် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ နှင့်အညီ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ၎င်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့မှ (၄)နှစ်တာကာလ တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြု ဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက အမည်စာရင်းပေးပို့ခဲ့ပြီး အကြံပြုဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်လွှတ်တော်တွင် မှတ်တမ်း တင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဝင် ဖြစ်သော ဦးကံဝင်းသည် အခြားလုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကော်မတီ အဖွဲ့ဝင် အဖြစ်မှ နှုတ်ပယ်၍ ကော်မတီကို အဖွဲ့ဝင်(၇)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းသွားမည်ကို ပြည်နယ်လွှတ်တော်သို့ တင်ပြကာ ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်ခဲ့ပြီးနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)