လွိုင်ကော် ၄ အောက်တိုဘာ

 

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယနေ့  နံနက် ၁၀ နာရီတွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးတွင် လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က “ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ ဘီလူးချောင်းတံတား(ရှမ်းပိုင်း)နှင့် ဒေါနိုးကူး တံတားတို့အား လုံခြုံရေးဆောင်ရွက်ထားရှိရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြန်လည်ရှင်း လင်းဖြေ ကြားခြင်း၊ “ကယားပြည်နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ဓါတ်အားလိုင်း တည်နေရာများကို DATA မြေပုံညွှန်း အတိအကျ အသိပေးဖော်ပြပေးရန်  အစီအစဉ်  ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်း သည့် မေးခွန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။ 
ဆက်လက်၍ ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်း အောင်၏ “ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလိုးကျေးရွာအုပ်စု၊ ဒေါလောခူကျေးရွာ သောက်သုံးရေ ရရှိရေး ရေသွယ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ “ဒီးမော့ဆိုမြို့နယ်၊ ငွေတောင် ကျေးရွာရှိ အထက်တန်းကျောင်းခွဲအား စာသင်ဆောင်(၁)ဆောင် ချထားပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလို ကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ကိုယ်စား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ယင်းနောက် မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “ကယားပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် လမ်းဦးစီးဌာနမှ တာဝန်ယူထားသော လမ်းမိုင် အရှည်အား သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် “မယ်စဲ့မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၆)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာအား ဖျက်သိမ်းပြီး (၆)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၏ “လွိုင်ကော်-ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးအား လမ်းတိုးချဲ့ခြင်း ရှိ/မရှိ သိရှိလို ကြောင်း ”နှင့် “ဖရူဆိုမြို့နယ်၊ ဒေါလောစောအုပ်စုရှိ ကျေးရွာများ လျှပ်စစ်မီးမရရှိသေးခြင်းနှင့် ပတ်သက်၍ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းတို့အား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်း ဖြေကြားခြင်းနှင့် “ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာတွင် မူလတန်းလွန်ကျောင်းသစ်(၁)ဆောင် လိုအပ်နေပါသဖြင့် ပြည်နယ်အစိုးရမှ တည်ဆောက်ပေးရန် အစီ အစဉ် ရှိ/မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား   ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီးကိုယ်စား ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့သည်။

 

မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “လွိုင် ကော်မြို့ ဝင်မုခ်ဦး ပြုလုပ်နေခြင်းသည် မည်သည့်ဘတ်ဂျက်မှ မည်မျှသုံးစွဲပြီး မည်သည့် ဆုံးဖြတ်ချက်ဖြင့် စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း” နှင့် “ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဘောလုံး(ဖူဆယ်) အားကစားသမားများအတွက် ဖူဆယ်ကွင်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် နေရာများတွင် မည်သည့်ဘဏ္ဍာနှစ်၌ ထည့်သွင်းဆောင်ရွက် ပေးသွားမည်ကို သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းတို့အား ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးကိုယ်စား ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် “တရားမဝင်သစ် ဖမ်းဆီး ရမိသောအခြေအနေကို သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီး၏ “နှစ်စဉ် ကယားပြည်နယ်နေ့ ကျင်းပသည့်မြေနေရာအား ကယားပြည်နယ်နေ့ ကျင်းပရေးအတွက် အများပြည်သူပိုင်မြေအဖြစ် ထားရှိရေး တိုက်တွန်းကြောင်း” အဆိုအား လွှတ်တော်သို့ တင်သွင်းခြင်း၊ ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်မှ ထောက်ခံ ဆွေးနွေးခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ယင်းအဆိုနှင့် စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်/ မသင့် အဆုံးအဖြတ် ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

ကယားပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ် တော်တွင် အတည်ပြုချက်ရယူနိုင်ရေး ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ယင်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက် အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းအား ပြည်နယ်လွှတ် တော်တွင် အတည်ပြုချက်ရယူနိုင်ရေး ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်းတို့ ဆောင်ရွက်သည်။ 

 

ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ ဥပဒေလေ့လာစိစစ်အကြံပြုရေး ကော်မတီ ပြင်ဆင်ဖွဲ့ စည်းခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ တိုင်စာ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့၏ အဖွဲ့ဝင်ဦးရေအား ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းတို့ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) ကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

 

ကယားပြည်နယ် (ပြန်/ဆက်)