လွိုင်ကော် ၅ ဖေဖော်ဝါရီ


ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို  ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၀ နာရီတွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၅) ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁) ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၉၀)ရာခိုင်နှုန်း တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။


ရှေးဦးစွာ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) တွင် အစည်းအဝေး မတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂)ဦးဖြစ်ပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုမှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၁၆၉/၂၀၁၈)အရ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁)ဦး အစားထိုးပြောင်းလဲခြင်းကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် အစားထိုးပြောင်းလဲလိုက်သည့် တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းတို့ ဆောင်ရွက်သည်။


ဆက်လက်၍ လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၏ “ဘီလူးချောင်းကမ်းနားလမ်း၊ အနောက်ဘက်ကမ်းအား မီးတိုင်စိုက်ပေးရန်  အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” နှင့် “လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးမှ ဗဟိုဈေးသို့ ဆက်သွယ်ထားသော ရွှေတောင် လမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလို ကြောင်း” နှင့် စပ်လျဉ်းသည့် မေးခွန်းများအား ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီးကိုယ်စား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်း ဖြေကြားခြင်းနှင့်  “ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အမှတ်(၇) ခုတင် (၁၀ဝ)ဆံ့ တပ်မတော်ဆေးရုံရှေ့ လမ်းမကြီးမှ အနောက်ဘက်နည်းပညာတက္ကသိုလ်သို့ သွားသောလမ်းအား ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။    


ယင်းနောက် ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ၏ “ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မိုဆာခီးကျေးရွာအုပ်စုအတွင်းရှိ ရေပူမိုဆာခီး မြေသားလမ်း(၄)မိုင်အား ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလို ခြင်း” ၊ “ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မိုဆာခီးကျေးရွာအုပ်စု၊ မိုဆာခီးကျေးရွာသို့ 11/0.4 KV, 100 KVA ထရန်စဖော်မာနှင့် ၄၀ဝ ဗို့ ဓာတ်အားလိုင်း လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း” နှင့် “ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ကော်သူဒိုးကျေးရွာအုပ်စု အတွင်းရှိ ယိုဒိုလေးခိုကျေးရွာသို့ 11/0.4 KV, 100 KVA ထရန်စဖော်မာနှင့် ၄၀ဝ ဗို့ ဓာတ်အားလိုင်း လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းတို့အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


ဆက်လက်၍ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်ထောင်စုလမ်းမှ နဒီလမ်းသွယ်အထိ (၅)ဖာလုံကျော်အား ကတ္တရာလမ်းခင်းရန် ကျန်ရှိနေသည့်အတွက် မည်သည့်အချိန်တွင် လုပ်ဆောင်ပေးမည်ကို သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် “ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” နှင့် “လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ လမ်းများအနက်မှ ပျက်စီးလျက်ရှိသော ကံ့ကော်လမ်းအား ပြန်လည် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းတို့အား ပြည်နယ်စည်ပင် သာယာရေးနှင့်  လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီးကိုယ်စား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


ထို့နောက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေး ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးမှ  ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ ပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်းနှင့် ယင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို နံနက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။


ရီရယ်