လွိုင်ကော်   ၇   မေ

 

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကို မေ (၇)ရက် နံနက် ၁၀နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၀ ရှိသည့်အနက်၊ အစည်းဝေးသို့တက်ရောက်သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး ရှိသောကြောင့် အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၉၀)ရာခိုင်နှုန်း တက်ရောက်ကြ သောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကို ကျင်းပပြုလုပ်ခဲ့သည်။

 

ဆက်လက်ပြီး ကယားပြည်နယ်၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်း လျာထားချက်အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရေးအတွက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်းကို ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ကယားပြည်နယ်၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့ အစည်းများ၏  ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်  အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်းမှ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော် တင်သွင်းခဲ့သော ကယားပြည်နယ်၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးလိုပါက ယနေ့ညနေ ၄ နာရီ ထက်နောက်မကျစေဘဲ ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ပြီး မေလ ၈ ရက်နေ့တွင် ဆွေးနွေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကော်မတီ သက်တမ်းတိုးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)