လွိုင်ကော် ၁၀ ဇွန်

 

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့နံနက် ၁၀:ဝ၀ နာရီတွင် ကယားပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

ထို့နောက် လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၏ “လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ဆန်းဘွန်းကျေးရွာ(ယခင် ဒေါဆန်းဘွန်း)အား ခရီးသွားဧည့်သည်များ လာရာက် လေ့လာလည်ပတ်နိုင်သော တိုင်းရင်းသား ကျေးရွာအဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း” နှင့် “လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာထောင့်၊ နှင်းဆီလမ်းနှင့် ကံ့ကော်လမ်းဆုံတွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” နှင့်စပ်လျဉ်းသည့် မေးခွန်းများကို ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော် နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီး မြင့်ဝေ တို့က ယခုအချိန်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ယင်းနောက် ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ငွေတောင်ကျေးရွာအုပ်စုရှိ ထီးပွင့်ကန်၊ သစ္စာကန်၊ ပိုးတလုပ်ကန်မှ စီးဆင်းနေသော “ရေစီးမြောင်း ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” နှင့်စပ်လျဉ်းသည့် မေးခွန်းကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးဘော့စ်ကိုက ဆောင်ရွက်ပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူက ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ ခုံးန်ဟန့် စံပြကျေးရွာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် မယ်ဆည်နန် စံပြကျေးရွာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ၎င်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကို နောင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

 ယင်းနောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရေးအတွက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့်စုငွေ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဘော့စ်ကို က ပြင်ဆင်ချက်အဆို တင်သွင်းခြင်း၊ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ (၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူက ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်တရားလွှတ်တော်၏ စတုတ္ထတစ်နှစ်တာ ကာလအတွက် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးကျော်လင်းမောင်က ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ယင်းနောက် ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ)ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို (၁၄-၂-၂၀၂၀)ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)၌ ပြည်နယ်စာရင်းစာရင်းစစ်ချုပ် ဦးအောင်မောင်းက တင်သွင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီမှ အစီရင်ခံစာ တင်သွင်းခြင်း၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ၏ (၄)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၎င်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၄) ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၈)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)