လွိုင်ကော် ၁၁ ဇွန်
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်၏ “ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်ရှိ လယ်ယာကုန်ထုတ်လမ်းအား ကျောက်ချော လမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း” နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်ပြီး ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးရွှေ၏ “ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ရှမ်းပိုင်းရပ်ကွက်အတွင်း ပွန်ချောင်းဘေလီတံတားအား ပြုပြင်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ခွင့်ပြုရန်ပုံငွေရရှိသည်နှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ကိုယ်စား ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က “ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စု၊ နန့်နောက်ကျေးရွာအတွက် တောင်ယာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက ခွင့်ပြုရန်ပုံငွေ ရရှိသည်နှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားခြင်း မရှိသည့်အတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာနှင့်အညီ ပြည်နယ် လွှတ်တော်တွင် အတည်ပြုကြောင်းနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့် စုငွေဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်ပြီး ပြင်ဆင်ချက်အဆို တင်သွင်းခြင်းအပေါ် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်သို့တင်ပြခြင်း၊ ၎င်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဘော့စ်ကို၏ ပြင်ဆင်ချက်အဆိုကို ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့်အညီ ဥပဒေ(မူကြမ်း)၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ တင်သွင်းသော ပြည်နယ်တရားလွှတ်တော်၏ စတုတ္ထ တစ်နှစ်တာကာလအတွက် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားခြင်းမရှိသည့်အတွက် ပြည်နယ် လွှတ်တော်တွင် မှတ်တမ်းတင်ရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ (၄)နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။
ဆက်လက်ပြီး တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့၏ (၄)နှစ်တာကာလ တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာအား ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ၎င်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)