နေပြည်တော် ၁ နိုဝင်ဘာ 
 
 
လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၁၈)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
 
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်အစည်းအဝေးများကို ယခုလ ၁၂ ရက်တွင်စတင် ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၁၀ ရက်ထက် မစော၊ ၁၁ ရက် ထက်နောက်မကျစေရန် ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း၊ မကြာမီကျင်းပပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုခြင်းနှင့် အခြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၁၈-၂၀၁၉ ခုနှစ် အတွက် လွှတ်တော်ပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်မည့်ကာလ သတ်မှတ်လျာထားချက်ကိုလည်း ထုတ်ပြန်ရန် စီစဉ်ထားပါကြောင်း၊ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကိုလည်း လက်တွေ့အခြေအနေနှင့် ညီညွတ်စေရန် ပြင်ဆင်ဖွဲ့စည်းရန် ရှိကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း ပြောကြားသည်။ 
 
 
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုကြောင့် လွှတ်တော်အစည်းအဝေးများကို အောင်မြင်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပြီး ဆွေးနွေးဆောင်ရွက်ပါက ယခင်လွှတ်တော်အစည်းအဝေးများကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 
 
 
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအသီးသီးမှ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုလွှတ်တော်နာယက က  ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။ 
 
 
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
 
(သတင်းစဉ်)