နေပြည်တော် ၁၁ ဒီဇင်ဘာ
မြန်မာ-ထိုင်း နှစ်နိုင်ငံကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာရေးထိုးရေးအတွက် ဒုတိယအကြိမ် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ရှိ Victoria Cliff Hotel and Resort ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ထိုင်းနိုင်ငံ Representative to ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC) on Children Rights Mr.WanchaiRoujanavong တို့က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ(မူကြမ်း)တွင် ပါဝင်သည့်အပိုင်းများအလိုက် ရည်ရွယ်ချက်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမျိုးစုံမှ ကာကွယ်တားဆီးရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကလေးသူငယ် အကာအကွယ်ပေးရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်၊ ကလေးသူငယ် အကာအကွယ်ပေးရေးဆိုင်ရာ ပူးပေါင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များဖြစ်သော သတင်းအချက်အလက်များ ဖြန့်ဝေရန်နှင့် တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်မှုလုပ်ငန်းများ ချိတ်ဆက်မိစေရန်၊ သက်ဆိုင်ရာ နိုင်ငံတော်အဆင့် ဒေသအာဏာပိုင်အဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများအကြား ကွန်ယက်ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးကြသည်။
ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်များက MoU (မူကြမ်း)ပါ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များဖြစ်သော စာချုပ်ပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးဆောင်မှုပြုခြင်းနှင့် ကြီးကြပ်ရေးတာဝန်များ၊ အကာအကွယ်ပေးရေး ရှေ့ပြေးဆောင်ရွက်မှုများအပါအဝင် လုပ်ငန်းစဉ်များကို ဦးဆောင် စီမံခန့်ခွဲခြင်း၊ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် လျစ်လျူရှုမှုများမှ ကလေးသူငယ်များကို ကာကွယ်ပေးရန်နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ညှိနှိုင်းရန် မဟာဗျူဟာစီမံကိန်း၊ လမ်းညွှန်မှုများ၊ လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်သော မူဘောင်များ ချမှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကိုယ်စားလှယ်များက MoU (မူကြမ်း) အတည်ပြုပြီးနောက် Standard Operating Procedure (SOP) နှင့် Action Plan ကို ရေးဆွဲသင့်ပါကြောင်း၊ MoU (မူကြမ်း)အား နှစ်နိုင်ငံကိုယ်စားလှယ်များက မိမိတို့၏အစိုးရအဖွဲ့များသို့ တင်ပြအတည်ပြုချက်ရယူရေး တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်