မော်လမြိုင် ၂၂ ဖေဖော်ဝါရီ
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားပြီး သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်တွင် ဘွဲ့ရပြီးသော လူငယ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသင့် ကြောင်း တိုက်တွန်းသည့်အဆိုကို တင်သွင်းရာ ယင်းအဆိုကို ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးရန်သင့်ကြောင်းကို မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ထောက်ခံဆွေးနွေးကာ အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ကိုရယူရာ လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့် ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကိုလွှတ်တော်သို့ တင်ပြရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာကာ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ရပ်နားလိုက်ပြီး (စတုတ္ထနေ့)ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN