မော်လမြိုင် ၂၃ စက်တင်ဘာ    

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ကြယ်ပွင့်ပြ မေးခွန်း(၆)ကို မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က တင်သွင်းပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ် တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ(၆)လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော  လွှတ်တော် ကိုယ်စားလှယ်(၃)ဦး တို့က ဆွေးနွေးကြပြီး သက်ဆိုင်ရာဝန်ကြီးမှလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ 

အဆိုပါ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာကို လွှတ်တော်မှ မှတ်တမ်းတင်ထားရှိမည့်ဖြစ်ကြောင်း ကြေညာပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
 
MDN