မော်လမြိုင်  ၂၇ မေ

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၃)ဦးက ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လေ့လာသုံးသပ်ချက် အစီရင်ခံစာကို တင်ပြသည်။

 

အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ရပ်နားခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)