မော်လမြိုင်  ၂၉  မေ

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဥ္စမနေ့) နောက်ဆုံးနေ့ကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ အောင်မြင်စွာကျင်းပခဲ့သည်။

 

အစည်းအဝေး(ပဥ္စမနေ့) နောက်ဆုံးနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

 

ထို့နောက် မွန်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ယင်းဥပဒေကြမ်းကို လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီမှ တင်သွင်းထားသော ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားထိခိုက်ပျက်စီး ဆုံးရှုံးမှု အခြေအနေနှင့် အချိန်မီ ပြန်လည်ကုစားနိုင်မှု နည်းလမ်းများကို လေ့လာခြင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးပြီး ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်ဥက္ကဋ္ဌမှ ၎င်းအစီရင်ခံစာကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းစုစုပေါင်း (၂၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ရေးရာကော်မတီ(၇)ခု သက်တမ်းတိုးခြင်း အတည်ပြုခြင်း၊ လျာထားချက် တစ်ရပ်အတည်ပြုခြင်း၊ ဥပဒေကြမ်းတစ်ရပ် အတည်ပြုခြင်းနှင့် ရေးရာကော်မတီနှစ်ခု၏ ဆောင်ရွက်ချက် အစီရင်ခံစာ နှစ်ရပ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တင်ပြပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။

 

ဝေလင်း(ပြန်/ဆက်)