မန္တလေး ၃၀ စက်တင်ဘာ
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ (၃)ဦးတို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၉)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသည့် “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌမှ ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသည့် “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ မန္တလေး တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း”နှင့် ပတ်သက်၍ အတည်ပြုပေးပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက တင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘာထား ရယူကာ သဘောတူသည့်အတွက် ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်း ကြေညာခဲ့ပြီး ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)