မန္တလေး ၁၇ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၈ (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၂)ဦး၊ စုစုပေါင်း(၇၆)ဦး တက်ရောက်ခဲ့ကြသည်။ 

 

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ(၃)ခု၏ အဖွဲ့ဝင်များ ပြောင်းလဲဖြည့်စွက် တာဝန်ပေးအပ်ရန် အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြကာ လွှတ်တော်၏ သဘောထားရယူ၍ သဘောတူသည့်အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့အား ယင်းတို့၏ သက်ဆိုင်ရာလွှတ်တော်ရေးရာ ကော်မတီဝင်များအဖြစ် တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။ 

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၈ (ဒုတိယနေ့)ကို ရပ်နား ခဲ့ပြီး အစည်းအဝေး (တတိယနေ့)ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

MDN