နေပြည်တော် ဖေဖော်ဝါရီ ၄
ဒုတိယအကြိမ် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ တာဝန်ခံများအတွက် အာဆီယံ စီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံမှ အာဆီယံ အတွင်းရေးမှူးရုံးနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ယနေ့ကမ္ဘာ့နိုင်ငံ အများစုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်း၏ စွမ်းအားဖြင့် ဆောင်ရွက်၍မရဘဲ နိုင်ငံအားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့်အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် တရားမဝင် မူးယစ်ဆေးဝါးများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများကို ခိုင်မာလာစေနိုင်သည့်အပြင် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး နှင့် ဘေးကင်းလုံခြုံသော လူမှုအဖွဲ့အစည်းဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံဒေသအတွင်း တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် တက်ကြွစွာဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း တိုက်တွန်းပါကြောင်း၊ ဒေသတွင်း ရင်ဆိုင်နေရသော မူးယစ်ဆေးဝါးအန္တရာယ်များနှင့် စိန်ခေါ်မှု အခက်အခဲများကို အတူတကွပူးပေါင်း ရင်ဆိုင် ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံးနှင့် အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံစီမံချက်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
