နေပြည်တော် ၂၀  ဖေဖော်ဝါရီ 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

mdn


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီတို့၏ သက်တမ်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ နောက်ထပ် ၁ နှစ်အထိလည်းကောင်း၊ ပညာရေးမြှင့်တင်မှု ကော်မတီ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ သက်တမ်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ နောက်ထပ် ၁ နှစ်အထိလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့၏ သက်တမ်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ  ၂၂ ရက်မှစ၍ နောက်ထပ် ၁ နှစ်အထိ လည်းကောင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတို့၏ သက်တမ်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ စ၍ နောက်ထပ် ၁ နှစ်အထိ လည်းကောင်း၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီတို့၏ သက်တမ်းကို  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ နောက်ထပ် ၁ နှစ်အထိလည်းကောင်း  ထပ်မံတိုးမြှင့် သတ်မှတ်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးသည်။


ဟင်္သာတ မဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၏ ဟင်္သာတမြို့နယ်အတွင်း ပညာရေး ကောလိပ်ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက  ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် ပုသိမ်ပညာရေးကောလိပ်၊ မြောင်းမြ ပညာရေးကောလိပ်နှင့် ဘိုကလေးပညာရေး ကောလိပ်တို့ကို  ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ဟင်္သာတခရိုင်အတွင်း ဆရာနှင့် ကျောင်းသား လိုအပ်ချက်အချိုး သင့်လျော်မှု ရှိနေပါကြောင်း၊ အဓိကအားဖြင့် တစ်ပြည်လုံးတွင် ဖွင့်လှစ်ဆောင်ရွက်နေသည့် ၂ နှစ်သင် ပညာရေးကောလိပ် ၂၅ ကျောင်းကို ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များ အဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်နေရခြင်းဖြစ်သောကြောင့် ပညာရေးကောလိပ် အသစ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် ဦးစားပေးဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။


ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ ရွာငံမြို့နယ်အတွင်းရှိ ယကြီးကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) နှင့် ကျောက္ကူပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တို့အား အခြေခံပညာ အထက်တန်းအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှမ်းပြည်နယ် ရွာငံမြို့နယ် ယကြီး အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် အထက်တန်းဆင့်သင် ကျောင်းသား၊ ကျောင်းသူ (၁၆၈) ဦးသာ ရှိပါကြောင်း၊ အနီးဆုံး အထက်တန်းဆင့်သင်ကျောင်းဖြစ်သော မြင်းကျဒိုး အခြေခံပညာ အထက်တန်းကျောင်းနှင့် ၇ မိုင်ခန့် သာကွာဝေးပြီး ကျောက္ကူပြင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် အထက်တန်းဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးသာ ရှိသည့်အပြင် အနီးဆုံး အထက်တန်းဆင့်သင် ကျောင်းဖြစ်သော ရေဦး အခြေခံပညာအထက်တန်းကျောင်းနှင့် ၃ မိုင်ခန့်သာ ကွာဝေးကြသည်ကို တွေ့ရှိရပါကြောင်း။


ရွာငံမြို့နယ် ယကြီး အခြေခံအထက်တန်းကျောင်း (ခွဲ) နှင့် ကျောက်က္ကူပြင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တို့သည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသေးသောကြောင့် ယခုလာမည့်နှစ်တွင် ဦးစားပေး ကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးရန်  အစီအစဉ် မရှိပါကြောင်းနှင့် လက်ရှိအားဖြင့်လည်း ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် အခြေခံပညာ အထက်တန်းပညာရပ်များကို သင်ယူနိုင်မှု အခွင့်အလမ်း ရှိနေပါကြောင်း  ရှင်းလင်းဖြေကြားသည်။


မိုးကောင်း မဲဆန္ဒနယ်မှ  ဦးဝင်းနိုင်၏ မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာ အလယ်တန်းကျောင်း (ခွဲ) တွင် အမှန်တကယ် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်အား အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒေသခံ ပြည်သူလူထု ဆန္ဒနှင့် ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားမှု အခွင့်အလမ်း ပိုမိုတိုးတက်စေရန် မိုးကောင်းမြို့နယ် ကြာအင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ပေ (၁၂၀x၃၀) RCC တစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခေါင်းစဉ်အောက်တွင် လျာထားတင်ပြမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သောင်းစိန်၊ အင်္ဂပူ မဲဆန္ဒနယ်မှ ဦးအေးဝင်းနှင့် တံတားဦး မဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ရှင်းလင်းဖြေကြားကြသည်။


ထို့နောက် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍  ပေးပို့လာသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး  ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်စိန်က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့နောက် ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင် တင်သွင်းသည့် ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy)  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်အဆင့် စီမံကိန်းနှင့် (Digital Literacy Framework) မူဘောင်ရေးဆွဲချမှတ် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


ရှားတော မဲဆန္ဒနယ် မှ ဒေါ်ဝင့်ဝါထွန်းက စီးပွားရေးမူဝါဒ ၁ အရ လည်းကောင်း၊  စီးပွားရေးမူဝါဒ ၄ ပါ e-Government  စနစ်ကို တည်ထောင်နေပြီဖြစ်သကဲ့သို့ လွှတ်တော်မှလည်း e-Government နှင့် ပတ်သက်သည့် အဆိုကိုလည်း အတည်ပြုပြီး ဖြစ်ပါကြောင်း၊ e-Government  နှင့် ပတ်သက်သည့် ကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ထို့အတူ  အာဆီယံ e-Commerce တွင်လည်း လက်မှတ်ရေးထိုးပြီး  အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အားသာချက် တစ်ရပ်အနေဖြင့် စမတ်ဖုန်းများကို လူတိုင်းနီးပါးတွင် ရှိနေပါကြောင်း၊ ယင်းအားသာချက် အပေါ်တွင် မူတည်ပြီး Mobile Device များကို မည်သို့ထိရောက်စွာ အသုံးချမည်ဆိုသည့် စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် Digital Literacy Framework ကို ရေးဆွဲ ပြဋ္ဌာန်းပြီး ၂၁ရာစု၏  စိန်ခေါ်မှုများကို ယုံယုံကြည်ကြည်နှင့် ကျော်ဖြတ်ကြရန် တိုက်တွန်းဆွေးနွေးသည်။


ဆက်လက်၍ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်နှင့် ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးတို့က ဆွေးနွေးကြသည်။


ယင်းနောက် ယင်းအဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မိမိတို့လက်ရှိ ဝန်ကြီးဌာနများတွင် ဆောင်ရွက်နေသည့် e-Government လုပ်ငန်းများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် နာယက အဖြစ် ဆောင်ရွက်နေသည့် e-Government အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အမျိုးသားပညာရည် မြင့်မားရေး မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းစဉ်များနှင့် ထပ်တူကျနေသည့်အတွက် အချိန်ကိုက်တင်သွင်းသည့် အဆိုဖြစ်နေပါကြောင်း။


အဆိုဆွေးနွေးသည့် ကိုယ်စားလှယ်များ တင်ပြသည့် Digital Literacy Framework အတွက် ရှုထောင့်များ၊ ကဏ္ဍများမှ ထောက်ပြဆွေးနွေးသွားသည်ကို တွေ့ရပါ ကြောင်း၊ ဆွေးနွေးချက်များ အားလုံးကိုလည်း မိမိတို့ Digital Literacy Framework ကို ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Digital Literacy Framework ကို အကောင်အထည် ဖော်ရာတွင် လက်တွေ့ မူလတန်းအဆင့်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ပညာရေးကဏ္ဍ အသီးသီးတွင် ဆောင်ရွက်ရန် ICT Infrastructure များ၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ Software များ၊ သင်တန်းများ စသည်တို့ကို တစ်ဆင့်ချင်း တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် အဆိုအား  လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန်  ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို  ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


 အေးအေးသန့်(သတင်းစဉ်)