နေပြည်တော် ၂၅  ဇန်နဝါရီ

ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ၁ ခု ဖတ်ကြားတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရရှိသူဦးရေ၊ အစိုးရဌာန ပုဂ္ဂလိက လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေမှု အခြေအနေနှင့် အလုပ်အကိုင် အခွင့်အလမ်းများမည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  အခွင့်အလမ်းများအနေဖြင့် ဆေးဝါးသိပ္ပံဘွဲ့ရရှိပြီးပါက နိုင်ငံ့ဝန်ထမ်း အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသန  ဦးစီးဌာန၊ ဆေးဝါးထုတ်လုပ်မှုစက်ရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့တွင် ခန့်အပ်ပါကြောင်း။

ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများတွင် ထုတ်လုပ်မှုအပိုင်း၊ အရည်အသွေး စစ်ဆေးမှုအပိုင်းတို့တွင် ခန့်အပ်ပါကြောင်း၊  ခန့်အပ်ရာတွင်လည်း ပြည်တွင်းသာမက ပြည်ပမှလာရောက်ဖွင့်လှစ်ထားသည့် ဆေးကုမ္ပဏီများ၊ ဆေးဝါးရောင်းချနေသည့် ဈေးဆိုင်ကြီးများတွင်လည်း ခန့်အပ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံကြီးများရှိ ဆေးနှင့်ပတ်သက်သည့်နေရာတွင်  အလုပ်ဝင်နေကြပါကြောင်း၊ ဆေးဝါးတင်သွင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် ကုမ္ပဏီများတွင်လည်း အများအပြား အလုပ်ဝင်နေကြပါကြောင်း။

ဆေးဝါးသိပ္ပံဖြင့် ဘွဲ့ရရှိသူများသည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန  ဆေးဘက်ကျွမ်းကျင်-၂ (ဆေးဝါး)၊ ဆေးဝါးစစ်ဆေးရေးမှူးများအဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊  လုပ်သက် ၅ နှစ်ပြည့်ပါက ဖွဲ့စည်းပုံအရ  လစ်လပ်နေသော ဦးစီးအရာရှိ အရေအတွက်အပေါ် မူတည်ပြီး ရာထူးတိုးမြှင့် ခန့်ထားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ကူတောင်တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းများနေရာတွင် အချိန်မီ ဖြည့်တင်း ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုသရေးဦးစီးဌာန အနေဖြင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း ကူတောင် တိုက်နယ်ဆေးရုံအတွက် တိုက်နယ်ဆရာဝန် (၁) ဦးကို ၂၀၁၉ ဧပြီတွင် ခန့်ထားမည် ဖြစ်ပါကြောင်း၊ လက်ရှိ အထက်တန်းသူနာပြု ခွင့်ပြု (၂) ဦးတွင် (၁) ဦးခန့်ထားပါကြောင်း၊ နောက်ထပ်သူနာပြု ခွင့်ပြု (၄) ဦးတွင် (၁) ဦးခန့်ထားပါကြောင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် နောက်ထပ် (၁) ဦး ထပ်မံခန့်ထားပါကြောင်း၊ နေ့စားဝန်ထမ်း (၁) ဦးလည်း ခန့်ထားပြီး ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်၏ ခက်ခဲသည့်  ဒေသအခြေအနေကိုလည်း သိရှိသည့်အတွက် ဦးစားပေး၍ ရှေ့ဘတ်ဂျက်တွင်လည်း စဉ်းစားပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်မြို့နယ်ရှိ မကွီအိမ်နူးမြို့ စံကိုက် (၁၆) ခုတင်ဆံ့ ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာ ၅ ဒသမ ၈ ဧကသည် ရပ်ကွက်အသစ်ဖြစ်သော မကွီအိမ်နူး ရပ်ကွက်တွင် ရှိပါကြောင်း၊ မကွီအိမ်နူး ရပ်ကွက်သည် စီမံကိန်းလျာထားသည့် မြေနေရာဖြစ်ပါကြောင်း၊ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာသည် ဌာနဆိုင်ရာမှ လတ်တလောတွင် ကွင်းဆင်းမြေပြင် တိုင်းတာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ မြေအတွက် မြေပေးမိန့် ရရှိမည်ဆိုပါက ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်တွင်  လျာထားဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ မြေပေးမိန့်ရရှိရန်မှာ ပြည်နယ်ဦးစီးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပါဝင်ပံ့ပိုးရန် လိုအပ်ပါကြောင်း။

ထို့ပြင် မကွီအိမ်နူးမြို့တွင် လတ်တလော၌ စိမ့်စမ်းရေကို အဓိက အသုံးပြုလျက် ရှိပါကြောင်း၊ စိမ့်စမ်းရေ အသုံးပြုလျက် ရှိသည့် မကွီအိမ်နူးရပ်ကွက်နှင့် တိုက်နယ် ဆေးရုံဆောက်မည့် မြေနေရာသည် ငါးမိုင်ခန့်ဝေးပါကြောင်း၊ ထို့ကြောင့် လက်ရှိ အနေအထားအရ ရေမရှိသည့်အတွက် ဆောက်လုပ်၍ မရပါကြောင်း၊ ရေရရှိရန် အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ချင်း ပြည်နယ်အစိုးရအဖွဲ့တို့မှ စီစဉ်ပေးပြီး ရေနှင့် မြေနေရာ အဆင်ပြေပါက လာမည့်နှစ်တွင် ဘတ်ဂျက်ထည့်ဝင်ထားခြင်းဖြင့် ချင်းပြည်နယ်ပြည်သူများအတွက် အဆင်ပြေသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍  မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊  ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်၊ ညောင်တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင်နှင့်  လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က ရှင်းလင်းဖြေကြားကြသည်။

ထို့နောက်  ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးက  နိုင်ငံတော်၏ မျိုးဆက် သစ်လူငယ်များအား ကျန်းမာလန်းဆန်းဖြောင့်မတ်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ ကာယစိတ္တဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် သက်ကြီးနိုင်ငံသားများ ကျန်းမာနုပျိုစေရေးတို့နှင့်အတူ မူးယစ်ဆေးဝါးနှင့် အခြား မလိုလားအပ်သော  အာရုံများမှ ကင်းလွတ်သက်သာစေနိုင်သည့်  အားကစား ကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများချမှတ်၍ တိုက်တွန်းအားပေး ဖော်ဆောင်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင်  အဆို၏ ရည်ရွယ်ချက်မှာ အားကစားကဏ္ဍကို  စီမံကိန်းနှင့် ရန်ပုံငွေများချမှတ်ပြီး တိုက်တွန်း အားပေးဖော်ဆောင်ပေးနိုင်ရန်၊  နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ကျန်းမာကြံ့ခိုင် လန်းဆန်းဖြောင့်မတ်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ ကာယစိတ္တ ဖွံ့ဖြိုးတိုးတက်စေရေး၊ သက်ကြီးနိုင်ငံသားများ ကျန်းမာနုပျိုစေရေးနှင့် မူးယစ်ဆေးဝါးနှင့်  အခြားမလိုလားအပ်သော အာရုံများမှ ကင်းလွတ်သက်သာစေရေး တို့ဖြစ်ပါကြောင်း။

ကျင့်သုံးနေဆဲ ဥပဒေဘောင်အတွင်းမှ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်  လူထုအားကစား၊ ပြိုင်ပွဲဝင် ထူးချွန်အားကစားတို့ကို လုပ်ငန်းစဉ် တစ်ခုချင်းအတွက် အကောင်အထည် ဖော်ပေးနိုင်ပါရန်၊  သာမန်အသုံးစရိတ်၊ ဝန်ကြီးဌာနများမှ ထူးချွန်အားကစားသမားများကို ဝန်ထမ်းတစ်နေရာခန့်ထားရန် အသုံးစရိတ်၊  အားကစားကွင်းအတွက် အားကစားပစ္စည်း စသည့် Facility များအတွက် ငွေလုံးငွေရင်းအသုံးစရိတ် စသည်တို့ကို  အမျိုးသားစီမံကိန်းဖြင့် အသေးစိတ်အစီအစဉ်များကို ရေတိုရေရှည် မျှော်မှန်းချက်များနှင့် ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းရှိနေမှသာ ဘတ်ဂျက်တောင်းခံ လျာထားနိုင်သကဲ့သို့ ထိုက်တန်စွာ အသုံးချမှုလည်း ဖြစ်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုထဲမှ သိသာပေါ်လွင်ပြီး အချိန်ကာလတစ်ခုအတွင်း အကျိုးအမြတ် ပြန်ရစေမည့် မိမိ၏ မျိုးဆက်သစ်များမှ မိဘဘိုးဘွားအထိ ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုများ ဖြစ်လာစေမည်ဖြစ်သောကြောင့် အဆိုအား တင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော့မှူးမဲဆန္ဒနယ်မှ  ဦးကျော်စိုးဝင်းက အဆိုအား လက်ခံ ဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို လက်ခံရှိကြောင်း လွှတ်တော်သို့ အသိပေးသည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က ဖတ်ကြားတင်သွင်းပြီး  ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇန်နဝါရီ ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)