နေပြည်တော် ၇ မတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ BOT(Build, Operate and Transfer) စနစ်ဖြင့် မြေငှားရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများနှင့် ပတ်သက်၍ နောင်တစ်ချိန်တွင် ဝယ်ယူသူ၊ အငှားချထားသူများ မနစ်နာစေရေးအတွက် ရှင်းလင်းညွှန်ပြပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကိုယ်စား မြန်မာနိုင်ငံရင်းမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများ တွင် Build-Operate-Transfer (BOT), Build -Transfer-Lease (BTL), Build- Transfer-Operate (BTO) စသည့် စနစ်နှင့်ပုံစံ များစွာပါဝင်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(PPP)သည် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းတို့အကြား ပြည်သူပိုင်ပစ္စည်းများအတွက် သော်လည်းကောင်း၊ အခြေခံအဆောက်အအုံ ဆောက်လုပ်မှုအတွက် သော်လည်းကောင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုအတွက်သော် လည်းကောင်း သဘောတူညီချက် စာချုပ်ချုပ်ဆို၍ ပူးပေါင်းဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ် ဖြစ်ပါကြောင်း။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရအဖွဲ့အစည်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (PPP Unit) တစ်ခုကို ၎င်းတို့ ဌာနအလိုက် ဖွဲ့စည်းနိုင်ရမည်ဖြစ်ရာ အဆိုပါအဖွဲ့များသည် သက်ဆိုင်ရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ စီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ လုပ်ငန်းဆောင်ရွက်သည့် ဝန်ကြီးဌာနများအနေဖြင့် BOT လုပ်ကိုင်နေကြသော ပြည်ပကုမ္ပဏီများနှင့် ပတ်သက်၍ နောင်တစ်ချိန်တွင် ဝယ်ယူသူ၊ အငှားချထားသူများ မနစ်နာစေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (PPP Center)နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (PPP Unit) တို့နှင့် ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မဘိမ်း မဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန်၏ မဘိမ်းမြို့နယ်ရှိ မိုးကုတ်- မိုးမိတ်-မဘိမ်း-ဗန်းမော် ဗျူဟာလမ်းပေါ်ရှိ နမ့်ပေါ်ချောင်းရေကျော်အား ကွန်ကရစ်တံတား (သို့) ဘေလီတံတားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါရေကျော်မှာ သက်တမ်းကြာမြင့်ပြီး သဘာဝဘေးဒဏ်များကြောင့် ယခုအချိန်တွင် ပျက်စီးသွားခဲ့ပြီဖြစ်သောကြောင့် ရာသီမရွေးသွားလာနိုင်သော သံကူကွန်ကရစ်အုတ်မြစ်နှင့် နှစ်လွှာတစ်ထပ်ဘေလီ တံတားတည်ဆောက်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြထားပြီးဖြစ်ပါ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးမြင့်ငွေ၊ အိမ်မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေနှင့် ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာရေး ဥပဒေကြမ်းကို တင်သွင်းသည်။
ယင်းနောက် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါဥပဒေနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့် နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အဦများ၊ လုပ်ငန်းများအပေါ် အခြေပြု၍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် ခွင့်ပြုခဲ့သော စီမံကိန်းများအား ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့် မညီညွတ်ပါက ခွင့်ပြုချက်ရပ်ဆိုင်းခြင်း၊ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသူ နိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိသော စီမံကိန်းသစ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံပိုင်အရင်းအမြစ်များအတွက် အမှန်တကယ်အကျိုးရှိလာစေရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က အဆိုရှင်တင်ပြသွားသည့် နိုင်ငံပိုင်မြေများ၊ အဆောက်အအုံများ၊ လုပ်ငန်းများဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် အရင်းအမြစ်၊ အမွေအနှစ်များ ဖြစ်ပါကြောင်း၊ ထိုအရင်းအမြစ်များကို ပြည်သူ့ကိုယ်စား စီမံခန့်ခွဲခွင့်ရသည့် အစိုးရများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို လျစ်လျူရှုပြီး ထင်သလို စီမံခန့်ခွဲပိုင်ခွင့် မရှိသကဲ့သို့ မိမိတို့၏ဆောင်ရွက်ချက်သည် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဦးတည်သည့် ဆောင်ရွက်ချက်များ ဖြစ်ရန်အထူး လိုအပ်ပါကြောင်း။
ပြည်သူက ယုံကြည်စွာ အပ်နှင်းထားသည့် စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို မျက်ကွယ်ပြု၍ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်ပါက မိမိတို့ လွှတ်တော်များအနေဖြင့် သက်ဆိုင်ရာအစိုးရကို အမှားအမှန်ပြင်ရန်၊ တိမ်းစောင်းနေသည်များကို ပြင်ရန်၊ အားနည်းချက်များကို ကုစားပြုပြင်ရန် စသည့်အချက်များကို ပြည်သူ့ကိုယ်စား တိုက်တွန်းလုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုရှင်က နိုင်ငံပိုင် အရင်းအမြစ်များကို အခြေပြုပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့် လုပ်ငန်းစီမံကိန်းများကို ကတိကဝတ်နှင့် ညီ၊ မညီ ပြန်လည်သုံးသပ်စစ်ဆေးရန်၊ ကတိကဝတ်တိုင်း ဆောင်ရွက်ရန် ပျက်ကွက်သည့် လုပ်ငန်းစီမံကိန်းများကို ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းနေသည်ဟု နားလည်သဘောပေါက်ပါကြောင်း။
မည်သည့်အစိုးရမဆို ပြည်သူက ယုံကြည်စွာ အပ်နှင်းထားသည့် နိုင်ငံပိုင်အရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုသာ ဦးထိပ်ထားပြီး စနစ်တကျဆောင်ရွက်ခဲ့မည် ဆိုပါက မှားယွင်းမှု၊ တိမ်းစောင်းမှုများ၊ အားနည်းချက်များ ဖြစ်ပေါ်လာမည်မဟုတ်သကဲ့သို့ လွှတ်တော်ကလည်း အဆိုတစ်ရပ်တင်သွင်းပြီး အစိုးရအား တိုက်တွန်းရန် လိုအပ်မည်မထင်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက စီမံကိန်းများ ဆောင်ရွက်သည့်အခါတွင် ခွင့်ပြုချက်အဆင့်တိုင်းတွင် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်သကဲ့သို့ မိမိတို့၏ လုပ်ပိုင်ခွင့်နှင့်တာဝန်ကို လေးစားပြီး နိုင်ငံတော်အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ခြင်း၊ စီမံကိန်းအကောင်အထည်မဖော်ဘဲ လက်ဦးမှုယူထားခြင်း မဖြစ်စေဘဲ နိုင်ငံတော်ဖွံ့ဖြိုးုတိုးတက်မှု၊ နိ်ုင်ငံသားများ အခက်အခဲ မဖြစ်စေရန်တို့ကို ဦးတည်ချက်ထားကာ အမျှော်အမြင်ရှိရှိ ခွင့်ပြုပေးကြရန် အရေးကြီးပါကြောင်း၊ စီမံခန့်ခွဲသူများအနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကိုရှေးရှုပြီး နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့်အရာကို ရရှိရန်နှင့် မပေးသေးသည့် ခွင့်ပြုချက်များကို ခွင့်ပြုပေးရန်လည်း လိုအပ်ပါကြောင်း။
စီမံခန့်ခွဲသူများ၏ အမျှော်အမြင်ရှိမှု၊ ကြိုးစားမှု၊ ရိုးသားမှုများနှင့် အဓိက သက်ဆိုင်ပြီး အဂတိကင်းရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းရှင်များအပေါ်တွင် ဖိနှိပ်လိုစိတ် ကင်းရမည်ဖြစ်သကဲ့သို့ လုပ်ငန်းအကောင်အထည်ဖော်ရာတွင်လည်း အဆင်ပြေ လွယ်ကူစေရန်အတွက် ကူညီဖေးမရန်လည်း လိုအပ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်ပါကလည်း ခွင့်ပြုချက်ရပ်ဆိုင်းရန်နှင့် အရေးယူမှုလည်း လိုအပ်ပါကြောင်း၊ အရေးယူခွင့်ရှိသူက စည်းကမ်းပေါ့သူကို အရေးမယူဘဲ မသိကျိုးကျွံပြုခြင်းသည် စည်းကမ်းချိုးဖောက်သူကို အခွင့်အရေးပေး ကူညီပေးသည်ဟု ထင်မှတ်ယူစရာ ဖြစ်နေပါကြောင်း၊ နိုင်ငံတော်နှင့် လုပ်ငန်းရှင်အတွက် မည်သို့ပင် အကျိုးရှိသော်လည်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို များစွာမထိခိုက်ရန်လည်း လိုအပ်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်လည်း လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ အောင်လံမဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊ အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၊ သာယာဝတီမဲဆန္ဒနယ်မှ ဦးအောင်မြင့်၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ ကျုံပျော် မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်၊ ဘုတလင်မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၊ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်နှင့် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကိုယ်စား မြန်မာနိုင်ငံရင်းမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဟုဆိုကာ နိုင်ငံပိုင်မြေယာ၊ အဆောက်အဦများနှင့် လုပ်ငန်းများကို လွှဲပြောင်းရယူပြီး အကောင်အထည်ဖော်မှု မရှိသေးပါက စာချုပ်ပါအချက်များအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနက အရေးယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီး ကွင်းဆင်းစစ်ဆေး ကြီးကြပ်မှုများကိုလည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချုပ်ဆိုထားပြီး စာချုပ်ပါအချက်များကို ပြန်လည်ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ပါကလည်း ဖော်ပြပါအချက်များနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများက စာချုပ်ပါအချက်အလက်များကို ညှိနှိုင်းပြင်ဆင်ရမည် ဖြစ်ပါကြောင်း။
စွမ်းဆောင်ရည်မရှိသည့် ရင်းနှီးတည်ဆောက်သူများကို ၎င်းတို့ အဆိုပြုချက်အတိုင်း လွယ်ကူစွာခွင့်ပြုခြင်း၊ ၎င်းတို့အား နိုင်ငံမြေနှင့် အဆောက်အဦများကို လွယ်ကူစွာ ငှားရမ်းခြင်းအဖြစ်မျိုးများ မဖြစ်စေရန်အတွက် စွမ်းဆောင်ရည်ရှိသည့် ရင်းနှီးတည်ဆောက်သူများကိုသာ ပွင့်လင်းမြင်သာပြီး ယှဉ်ပြိုင်မှုရှိသည့် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် စီမံကိန်းဘဏ်ဆိ်ုင်ရာ ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံပိုင်မြေယာများ၊ အဆောက်အဦများအပေါ် အခြေပြုပြီး ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သည့်လုပ်ငန်းများနှင့် စာချုပ်များချုပ်ဆိုရန် နိုင်ငံတော်အတွက် အကျိုးရှိစေမည့် မြေယာများ၊ အဆောက်အဦများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူဆောင်ရွက် လုပ်ကိုင်ခြင်းများအတွက် လိုက်နာရမည့်ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် အမှန်တကယ်ရင်းနှီးမြှုပ်နှံမည့် သူများကိုသာ အမှန်တကယ်လိုအပ်သည့်မြေယာ၊ အဆောက်အအုံများ ငှားရမ်းစေနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်က စာချုပ်များချုပ်ဆိုထားပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ စာချုပ်ပါအချက်အလက်များအတိုင်း ဆောင်ရွက်မှုရှိ၊ မရှိကိုလည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ချုပ်ဆိုပြီးစာချုပ်များကို ပြန်လည် စိစစ်ပြီး ပြန်လည်ညှိနှိုင်းရန် လိုအပ်သည့်အချက်များရှိပါကလည်း လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်ညှိနှိုင်း ပြင်ဆင်ရေးကိုလည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုတွင် ဖော်ပြထားသည့် အချက်များသည် လက်ရှိဆောင်ရွက်နေသည့် အချက်များဖြစ်ပြီး နောင်တွင်လည်း ပိုမိုကောင်းမွန်အောင် စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိသည့်အတွက် အဆိုအား မှတ်တမ်းတင်ပေးနိုင်ပါရန် ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့် ဝန်ကြီးဌာနနှင့် အဆိုရှင်သဘောကွဲလွဲသည့်အတွက် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၁၁၇ မဲ၊ ကြားနေမဲ ၄ မဲဖြင့် ထောက်ခံမဲများသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို မတ် ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)