နေပြည်တော် ၁၁ မတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၏ ဥတ္တရသီရိ မြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း သစ်တောပယ်ဖျက်ထားသော ကျေးရွာ(၁၁)ရွာ၏ ရွာမြေ၊ လယ်မြေနှင့် အများပိုင်မြေများ သတ်မှတ်တိုင်းတာရာတွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရွက်ပေါ်တွင် စာရင်းနှင့် မြေပြင် အမှန်တကယ်ရှိသော စာရင်းမှန်ကန်အောင် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် ပယ်ဖျက်ထားသော ရွာနယ်နိမိတ်များနှင့် လယ်မြေများ ပြည်သူလက်ဝယ် ရောက်ရှိပြီး ပုံစံ(၇)ရရှိရေး တာဝန်ရှိသောဌာနများ မည်သို့ပေါင်းစပ်ဆောင်ရွက်နေပြီး မည်သည့်အချိန် တွင် ပြီးစီးအောင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါ ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည့် မြေဧရိယာများကို ဥတ္တရသီရိ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများပါဝင်သည့်အဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိ မြေပြင်စစ်ဆေးပြီးသည်အထိ ကိုင်းကြိုးဝိုင်းမှ ပယ်ဖျက်သည့် ၁၂၄ ဧက၊ တောင်ညိုကြိုးဝိုင်းမှ ပယ်ဖျက်သည့် ၁၀ ဧကကျော်နှင့် ငလိုက်ကြိုးဝိုင်းမှာ ပယ်ဖျက်သည့် ၁၉ ဧကခန့် စုစုပေါင်း ၁၄၃ ဧကကျော်သည် ကြိုးဝိုင်းတော မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည့် အမိန့်စာပါ မြေပုံညွှန်း၏ အပြင်ဘက်(သစ်တော ဧရိယာမှ ပယ်ဖျက်ခြင်းမရှိသေးသည့်ဧရိယာများ) အတွင်း ကျရောက်နေကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရန် ကျန်ရှိနေသေးသည့် ပလေးကြိုးဝိုင်းမှ ပယ်ဖျက်ဧရိယာနှင့် ငလိုက်ကြိုးဝိုင်းမှ ပယ်ဖျက် ဧရိယာများကိုလည်း ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ခဲ့သည့် အနေအထားနှင့် မြေပြင်တည်ရှိမှု အခြေအနေကွဲလွဲနေမှုတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်ပြီး အမှန်တည်ရှိသည့် ဧရိယာများကို စိစစ်ရရှိမှသာ မြေတိုင်းတာခြင်း၊ မြေပုံထုတ်လုပ်ခြင်း လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ထုတ် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လယ်ယာမြေများ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်မှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နေပြည်တော်ကောင်စီ၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ်ဖြေကြားသည်။
ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ အစိုးရဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတစ် ဝန်း သုံးစွဲနေသော ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာပုံနှိပ်ဖော်ပြရာတွင် အသုံးပြု နေသော တစ်ချောင်းငင်အရှည်နှင့်အတို သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျမှန်ကန်အောင် ညွှန်ကြားပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာဖြစ်သည် ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထို့အပြင် ပုဒ်မ ၄၅၂ နှင့် ၄၅၄ တို့တွင်လည်း မြန်မာစာပေ အခန်းကဏ္ဍ အရေးပါပုံများကိုလည်း ပြဋ္ဌာန်းထားရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်တင်ပြထားသည့် တစ်ချောင်းငင်အတိုနှင့် တစ်ချောင်း ငင်အရှည်၊ နှစ်ချောင်းငင်အတိုနှင့် နှစ်ချောင်းငင်အရှည်များ သုံးစွဲမှုသည် စာလုံး ပေါင်းသတ်ပုံ အရေးပုံရိပ်မျှသာဖြစ်ပြီး သတ်ပုံမှားယွင်းမှု မဟုတ်ပါကြောင်း၊ ဖော်ပြပါ ပြု၊ မှူးနှင့် အလှူ စသည်တို့ ဖော်ပြထားမှုများသည်လည်း ပြဋ္ဌာန်းထားသည့် စားလုံးပေါင်းသတ်ပုံကျမ်းစာအုပ်ပါ အရေးပုံရိပ်အတိုင်း ရေးသားခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ရေဖြူ မဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင် ပွင့်နှင့် အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးလှကျော်နှင့် ဦးဝင်းမော်ထွန်းတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးတင်သွင်းသည့် လူနှင့် တိရစ္ဆာန်များတွင် ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများအားလုံးပူးပေါင်းလျက် စီမံချက်ချမှတ် ရေးဆွဲပြီး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်က ပြည်သူလူထုအနေဖြင့် ခွေးကိုက်မခံရစေရန် သတိပြုနေထိုင်ခြင်း၊ မိမိတို့ အိမ်တွင် ခွေး၊ ကြောင်များ မွေးထားပါက ကာကွယ်ဆေး ထိုးပေးခြင်း၊ ခွေး၊ ကြောင်များအား စနောက်ခြင်းနှင့်လက်ပွန်းတတီးနေခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိဘအုပ် ထိန်းသူများအနေဖြင့်လည်း ကလေးများခွေး ကိုက်မခံရစေရန် ဂရုစိုက်ခြင်း၊ တာဝန်ရှိသူများအနေဖြင့် ခွေးလေခွေးလွင့်များကို ဖမ်းဆီး၍ သင့်လျော်သည့် စခန်းများတွင် ထိန်းသိမ်းခြင်း သို့မဟုတ် သုတ်သင်ရှင်းလင်းခြင်း၊ လေလွင့် ခွေးမျိုးပွားမှုကို ထိန်းချုပ်ခြင်း၊ ခွေးရူးရောဂါကာကွယ်ဆေး အချိန်မီထိုးနှံခြင်း စသည့် နည်းလမ်းများဖြင့် ခွေးရူးရောဂါကို ကာကွယ်ရန် လိုအပ်ပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ခွေးရူးပြန်ရောဂါဖြစ်ပွား သေဆုံးမှုအား လျှော့ချနိုင်ရန်အတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ ပိုမို ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအနေဖြင့်လည်း ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ နှိုးဆော်ချက်များအား ပူးပေါင်းလိုက်နာ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ ရောဂါဖြစ်ပွားမှုများရသော အဓိကစိန်ခေါ်မှုများမှာ အမျိုး သားအဆင့် ခွေးရူးပြန်ရောဂါကာကွယ်မှု မဟာဗျူဟာမူကြမ်းရေးဆွဲထားပြီး ဖြစ်သော် လည်း အကောင်အထည်မဖော်နိုင်သေးခြင်း၊ ရောဂါ၏ဆိုးကျိုးများနှင့် ခွေးများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းလိုအပ်ချက်များကို ပြည်သူလူထုမှ သိရှိမှုနည်းပါးခြင်း၊ တိကျသည့် ဓာတ်ခွဲခန်းနှင့် သုတေသနဆိုင်ရာများ ကန့်သတ်ချက်ရှိခြင်း၊ ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ငွေကြေးသုံးစွဲမှုနည်းပါးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖန်တီးထုတ်လုပ်နိုင်မှုနည်းပါးခြင်း၊ ခွေးအပါအဝင် တိရစ္ဆာန်များနှင့် ပတ်သက်သော တည်ဆဲဥပဒေများကို ပြည်သူလူထုမှ သိရှိလိုက်နာမှုအားနည်းခြင်း၊ A Dog Bite Treatment Centres များ နိုင်ငံအနှံ့ များစွာတည်ဆောက်ပေးရန် လိုအပ်နေသေးခြင်း စသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှသာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုလျော့နည်း ကျဆင်းရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း အကြုံပြု ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ လွိုင်ကော် မဲဆန္ဒ နယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၊ လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော် ကျော်ဦး၊ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့် သိန်း၊ တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်နှင့် မရမ်းကုန်း မဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့် တို့က ဆက်လက်ဆွေးနွေးကြသည်။
အဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ၂၀၁၂ခုနှစ်က ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများနှင့် ၂၀၁၄ခုနှစ်ကစ၍ ခွေးရူးပြန်ကာကွယ်သည့် ပဋိဇီဝပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်စဉ် ဝယ်ယူဖြည့်တင်းမှုနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၊ ဗဟိုအဆင့်ဆေးရုံများ၊ မြို့နယ်ဆေးရုံများတွင် ခွေးကိုက်ခံရသည့် လူနာများကို အခမဲ့ ထိုးနှံပေးလျက်ရှိပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဌာနအနေဖြင့်လည်း ၂၀၁၃ခုနှစ်မှစ၍ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ခွေးရူးရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့် အဆိုနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေတွင် မိမိတို့၏အရင်း အမြစ် အခြေခံစွမ်းအားအပေါ်တွင် အခြေပြုပြီး အကန့်အသတ်များ ကျော်လွှားနိုင်ရေး စီမံမှုများနှင့် အတူ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည့်ပအဖွဲ့အစည်းများနှင့်ပါ ဆက်စပ်၍ အနာဂတ်အတွက် မျှော်မှန်းချက်ထား၍စီမံချက်များ ရေးဆွဲဆောင်ရွက်နေပြီဖြစ်သည့်အတွက် အဆိုကိုမှတ်တမ်းတင်ပေးနိုင်ပါရန် ပြောကြားသည်။
ယင်းနောက် အဆိုရှင် ဒေါက်တာဦးသန်းအောင်စိုးက အဆိုအား မှတ်တမ်းတင် စောင့်ကြည့်အဖြစ် ခွင့်ပြုပေးပါရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ မှတ်တမ်းတင် စောင့်ကြည့်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့် အတွက် အဆိုအား မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို မတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)
