နေပြည်တော်  ၄   ဖေဖော်ဝါရီ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး  အဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC) တို့အနေဖြင့် မည်သည့် မြို့နယ်များကို တာဝန်ယူလုပ်ကိုင်ပြီး မည်သည့်မြို့နယ်များကို Franchise တာဝန်ပေးအပ် လုပ်ကိုင်နေသည်ကို သိလိုခြင်း၊ မြို့နယ်တစ်မြို့နယ်ချင်းအလိုက် Franchise ၊ YESC နှင့် MESC တို့၏ တာဝန် ယူလုပ်ကိုင်နေသော ဓာတ်အားပျောက်ဆုံးမှု အခြေအနေစာရင်းများကို သိလိုခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုများရှိနေခြင်းကြောင့် နိုင်ငံတော်ပြည်သူ့ဘဏ္ဍာငွေများ နစ်နာမှုများ ဖြစ်ပေါ်နေ၍ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းအောင် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် YESC မှ ၄၂ မြို့နယ်၊ Franchise ကုမ္ပဏီများမှ ၁၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် MESC မှ ၁၄ မြို့နယ် နှင့် Franchise ကုမ္ပဏီများမှ မြို့နယ်ပေါင်း ၂၀  တို့ကို တာဝန်ယူလုပ်ကိုင်လျက်ရှိပါကြောင်း။

 

မသမာသူများက တရားမဝင်ခိုးယူသုံးစွဲမှုများကိုကိုလည်း စစ်ဆေးဖော်ထုတ်ပြီး ဒဏ်ရိုက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်၊ ပျက်၊ နှေး မီတာများ ဖော်ထုတ်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းသုံးထရန်စဖော်မာများတပ်ဆင်ရာတွင် စက်မှုသုံး မော်တာများကြောင့် Power Factor ညံ့ဖျင်းမှု ဖြစ်ပေါ်စေပြီး Losess များဖြစ်လာခြင်းကြောင့် Capacitor Bank တပ်ဆင်ရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း။

 

ထို့အပြင် Franchise  ကုမ္ပဏီများနှင့် စာချုပ်များ ချုပ်ဆိုလုပ်ကိုင်ရာတွင် လက်ရှိဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်လာစေမည့် ရေတိုစီမံချက်နှင့် တိုးတက်တောင်းခံလာသည့် ဓာတ်အားလိုအပ်ချက်ကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် (System Development Plan) တို့ကို ချမှတ်ဆောင်ရွက်စေခြင်း၊ ဓာတ်အားပျောက်ဆုံးမှုလျှော့ချရေးအစီအမံ နှင့် လိုအပ်သည့် လျာထားဘတ်ဂျက်ငွေ ကို Franchise က စီမံချက်ရေးဆွဲခြင်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင် ရွက်စေလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  မြို့နယ်များတွင် ဓာတ်အားပျောက် ဆုံးမှုလျော့နည်းစေရန်  လျာထားချက်များ သတ်မှတ်ကာ လျှော့ချဆောင်ရွက် စေလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ခရိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာများမှ ကွင်းဆင်း စစ်ဆေးခြင်း၊ Management Level မှ အခါအား လျော်စွာ စစ်ဆေးခြင်း၊  ရုံးချုပ်မှ  လစဉ်လုပ်ငန်းတိုးတက်မှုအခြေအနေကို သုံးသပ်ကာ စစ်ဆေးကြပ်မတ်ခြင်း၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကျင်းပ၍ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပျံ့နှံ့စွာ ရရှိစေရန် မြို့နယ်နှင့် ဆက်သွယ်သည့် ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ချိတ်ဆက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က  ကျောင်းကုန်း-အိမ်မဲ ကားလမ်းမကြီး ဘေးရှိ ဘုရားကြီး ကုန်းကျေးရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ မိုင်၊ ကျောင်းကုန်း-ကျုံပျော် ကားလမ်းမကြီးဘေးရှိ  မိုးမခ၊ ရွာသာကုန်း၊ ကျောင်း အိုင်နှင့် အစုကြီး စသည့် ကျေးရွာ ၄ ရွာသို့ ဓာတ်အားရရှိရေးအတွက်  ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆ ဒသမ ၂၂ မိုင်၊ ကျောင်းကုန်း - သုံးဂွ ကားလမ်းမကြီးဘေးရှိ ပန်းတောရိုး၊ လူသန့်ချောင်းနှင့်  ဝက်ခြံဂရက်စသည့် ကျေးရွာ ၃ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လည်းကောင်း၊ ကျောင်းကုန်း-ဒါးက ကားလမ်းမကြီးဘေးရှိ ကွမ်းခြံကုန်း၊ ရင်ဆိုင်နှင့်  သဲကုန်းစသည့်  ကျေးရွာ ၃ ရွာသို့ ဓာတ်အားရရှိနိုင်ရန်အတွက်  ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၉၇ မိုင်နှင့် လက်ပံချောင်း၊ ဂုံမင်း၊ ဇီးချောင်းနှင့် ဗြိုက်ကြီး စသည့် ကျေးရွာ ၄ ရွာသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ ကေဗွီဓာတ်အား လိုင်း ၈ ဒသမ ၈၉ မိုင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင်လည်းကောင်း ဘဏ္ဍာငွေထည့်သွင်း လျာထား မည်ဖြစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်၏ မြစ်သားမြို့နယ် မြောင်းကြီးဘောင်၊ ပွဲလုံးကျော်နှင့် ထိန်ကန်ကြီး ကျေးရွာများမှာ ကိုယ်ထူကိုယ်ထစနစ် ဖြင့် ကျေးရွာမီးလင်းရန် အခက်အခဲရှိနေသောကြောင့် လျှပ်စစ်မီးရရှိရေးအတွက် ရန်ပုံ ငွေလျာထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း မြောင်းကြီးဘောင် ကျေးရွာလျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁ ဒသမ ၇၂ မိုင်နှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်း၊ ပွဲလုံးကျော်  ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁/ဝ ဒသမ ၄ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင်နှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးတည်ဆောက်ခြင်း၊ ထိန်ကန်ကြီးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ကေဗွီ ဓာတ်အားလိုင်း ၂ မိုင်နှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ  ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ ၂လုံး တည်ဆောက် ခြင်းလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်ရန်ပုံငွေမှ ထည့်သွင်းလျာထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင် နှင်းသစ်၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းနှင့် လင်းခေး မဲဆန္ဒနယ်မှ ဦးစိုင်းဘ သိန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး တို့က ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက်  ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ မြို့သစ် (၆)မြို့နယ်တွင်  တိကျသည့် နယ်နိမိတ်သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလ တစ်ခုအထိရည်ရွယ်၍ မော်တော် ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ရန်ကုန်မြို့၏ ဆင်ခြေဖုံးအရပ်ဖြစ်ပြီး မြို့သစ်နေရာများတွင် နေထိုင် သည့် ပြည်သူများအတွက် ဆက်သွယ်သွားလာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စည်းကမ်းစနစ်ကျနရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ရည်ရွယ်၍ ပြည်သူ့ လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရတို့မှ စဉ်းစား ဆောင်ရွက်ပေးနိုင်ရန်အတွက် တင်သွင်းရခြင်းဖြစ်ပါကြောင်း။

 

မိမိတို့ မြို့သစ်အခြေအနေသည်ကျယ်ပြန့်သောကြောင့်  YBS စနစ် ကဲ့သို့ မြို့ တစ်ခုလုံးကို မည်သို့မျှ လွှမ်းခြုံနိုင်ခြင်းမရှိပါကြောင်း၊ မိမိတို့ မြို့နယ် ၆ မြို့နယ်ကို  ဘတ်စ်ကားကွန်ယက်ပြုလုပ်ပေးရန်  တောင်းဆို၍လည်း ရမည်မဟုတ်ပါကြောင်း၊ မြို့ သစ်ပြည်သူများအတွက် ရွေးစရာလမ်း မရှိပါကြောင်း၊ ဈေးနှုန်းသက်သာ၊ လူမပင်ပန်း၊ လောင်စာဆီဖိုလည်းမကုန်ကျမည့် မော်တော်ဆိုင်ကယ်များ သုံးနေရသည်မှာ အဖြစ် မှန်သာ ဖြစ်ပါကြောင်း၊ ပြည်သူများသည် ဥပဒေဘောင်အတွင်းတွင်  ဥပဒေနှင့် အညီ နေချင်ပါသော်လည်း ဥပဒေပြင်ပသို့ ရောက်ရှိနေခြင်းဖြစ်ပါကြောင်း၊ နှစ် ၂၀ နီးပါး နားလည်မှုဖြင့် မိမိတို့ဘဝ အသက်မွေးဝမ်းကြောင်းကိစ္စများ၊ ပညာသင်ကြားရေးနှင့် ကျန်းမာရေးများကို မော်တော်ဆိုင်ကယ်များဖြင့် ပြုလုပ်နေရပါကြောင်း၊ နားလည်မှုဖြင့် ပြုလုပ်သည့်အခါ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးများတွင် ထိခိုက်လာပါကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရန်အတွက် တိကျသည့် သတ်မှတ်ချက်များ သည် မလွဲမသွေ လိုအပ်နေပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အဆိုအား လက်ခံဆွေးနွေးနိုင်ရန် အလုံမဲဆန္ဒနယ်မှ ဦးရဲလွင် က ထောက်ခံတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူရှိသောကြောင့် စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ  ထောက်ခံမဲ ၅၀ မဲ၊ ကန့်ကွက်မဲ ၂၆၅ မဲနှင့် ကြားနေမဲ ၃ မဲဖြင့် ကန့်ကွက်မဲများသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် မရှိကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ တပ်မ တော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇင်လင်းတို့က ဆွေးနွေးကြသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များပေါ် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင် မောင်ဦးက ပြန်လည်ရှင်းလင်းသည်။

 

ယင်းနောက် အစီရင်ခံစာကို သဘောတူလက်ခံရန် စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဦးက က အဆိုသွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

 

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က တင်သွင်းသည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်များကို ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။ 

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းတစ်ရပ်လုံးနှင့် ပြင်ထား သည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ  လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)

 

5128342