နေပြည်တော် ၃၀ ဇန်နဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏ မယ်စဲ့မြို့ပေါ်၌ ရေစုကန်နှင့် မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတွင် တည်ရှိသော ဟိုစဲ့မြို့သစ်ဆည်ကို ပညာရှင်ဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မယ်စဲ့မြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မယ်စဲ့ရေထွက်မှ ရေကို ရေစုကန်အတွင်း မဝင်ရောက်စေတော့ဘဲ ကန်၏အထက်ဖက် ရေထွက်မှနေ၍ ရေပိုက်ဖြင့် တိုက်ရိုက်သွယ်တန်းခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ပညာရေးဝန်ထမ်းအိမ်ရာအချို့ကို သောက်သုံးရေ ပေးဝေလျက်ရှိကြောင်းကို သိရှိရပါကြောင်း၊ လက်ရှိ မယ်စဲ့မြို့ သောက်သုံးရေရရှိရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မယ်စဲ့ချောင်းမှရေကို လျှပ်စစ်ရေတင်စနစ်ဖြင့် တင်ယူသန့်စင်ပြီး လုံလောက်စွာ ပေးဝေလျက်ရှိပါကြောင်း။
ကန်အတွင်းသို့ ဝင်ရောက်နိုင်သည့် ရေအရင်းအမြစ်နည်းပါးမှု အခြေအနေရ လည်းကောင်း၊ ကုန်းရေဝပ်ဧရိယာ အောက်ခံမြေအား ရေလုံအောင် ဆောင်ရွက်ရန်မှာ ကုန်ကျစရိတ်လွန်စွာ များပြားနိုင်သောကြောင့်လည်းကောင်း၊ လက်ရှိ အခြေအနေအရလည်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သောက်သုံးရေကို လုံလောက်စွာ ပေးဝေနိုင်လျက်ရှိသောကြောင့် လည်းကောင်း၊ လက်ရှိအနေအထားအတိုင်းသာ ထိန်းသိမ်းဆောင်ရွက် သွားသင့်ပါကြောင်း။
ဟိုစဲ့ရေလွှဲဆည်အား အစဉ်အမြဲ ရေနေစေရန် ပြုပြင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ အကုန်ကျခံ ဆောင်ရွက်ပေးလိုသော်လည်း ဒေသ၏ ရေမြေသဘာဝ အနေအထားအရ ရေလွှဲဆည်အတွင်းသို့ မိုးရာသီမှသာ စီးဝင်ရေရှိပြီး ကျန်ကာလများတွင် စီးဝင်ရေမရှိသည့်အတွက် လက်တွေ့တွင် လိုလားသည့်အတိုင်း ရေဝင်ရောက်နိုင်သည့် အခြေအနေမရှိပါသဖြင့် ဟိုစဲ့ရေလွှဲဆည်အား ရေအစဉ်အမြဲနေစေရန် ပြုပြင်ရန် သင့်လျော်မှုမရှိပါကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပါကြောင်း ရှင်းလင်းပြောကြားသည်။
ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီ စိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော လယ်ယာမြေများနှင့် မြေလွတ်၊ မြေလပ်များအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နိုင်ရန် စိမ့်နုတ်မြောင်း တူးဖော်၍ စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီစိမ့်ကွင်းနှင့် ကံတော့စိမ့်ကွင်းများရှိ စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော စိမ့်မြေများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်နိုင်ရေးကိုသာ ဆောင်ရွက်လျက်ရှိပြီး စနစ်ကျလယ်ယာမြေအဖြစ် ဖော်ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပါကြောင်း ရှင်းလင်းပြောကြားသည်။
ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာဦးထွန်းလင်းမော်၏ ကြံခင်းမြို့နယ်၊ ကွန်ချောင်း တူးမြောင်းမကြီးပေါ်ရှိ ပြုပြင်ဆောင်ရွက်ရန် လိုအပ်သောတံတား(၈)စင်းအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင်ပြုပြင်ထိန်းသိမ်းပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြောင်းကူးတံတား (၈)ခု ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ပထမဦးစားပေးအနေဖြင့် လျာထားသတ်မှတ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုသာမန်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများစာရင်းတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရွှေကျင် မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦးနှင့် ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ ကော်မတီဝင် ဦးမြစိန်က အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အစီရင်ခံစာအား ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို တင်သွင်းသည့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြင့် ကုန်ပစ္စည်းများဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရ အားတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက တန်ဖိုးမြင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်အမျိုးမျိုး ထုတ်လုပ်ရေး အခန်းကဏ္ဍအောက်တွင် နိုင်ငံ၏ ဆန်စပါး အရည်အသွေး အလုံးစုံမြှင့်တင်ရေးအတွက် စက်ရုံ လုပ်ငန်းအသေးများအား နည်းပညာဖြန့်ဝေပေးရန်၊ စာချုပ်ဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်းအတွက် အဖြေရှာသည့် သင်တန်းကျောင်းများ ဖွင့်လှစ်ရန်၊ ကျေးလက်အဆင့်တွင် အခြောက်ခံစက်များ၊ ဂိုထောင်များ တည်ထောင်နိုင်ရေး အထောက်အကူပေးရန်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် ဆီထွက်သီးနှံများအတွက် ရွေးချယ်ထားသည့် ဈေးကွက်များသို့ ကုန်သွယ်မှုညှိနှိုင်းရေး ခရီးစဉ်များ ပိုမိုဆောင်ရွက်ရန်နှင့် တံဆိပ်ကောင်းတစ်ခု တည်ဆောက်ရန်၊ မြန်မာပဲအမျိုးမျိုး၊ နှမ်းနှင့် ဆီထွက်သီးနှံများအသင်းအား မတူကွဲပြားသော ပါဝင်သူများအား ကိုယ်စားပြုနိုင်ရန်အတွက် ယင်းတို့၏ ပြဋ္ဌာန်းချက်များကို ချဲ့ထွင်ရန်၊ အထွက်နှုန်းနှင့် အရည်အသွေးမြှင့် မျိုးစိတ်အသစ်များ ဖော်ထုတ်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးကို တိုးမြှင့်ရန်လိုအပ်ပါကြောင်း။
မြန်မာ့ပြောင်းအသင်း၏ ရေရှည်စီမံကိန်းနှင့် ကိုက်ညီမှုရှိပြီး ပို့ကုန်အတွက် လိုအပ်သည့် ပံ့ပိုးသည့်အရာများတွင် ရင်းနှီးမြှုပ်နှံရန်၊ ပို့ကုန်အမျိုးမျိုး ချဲ့ထွင်ခြင်းနှင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် စွမ်းရည်မြှင့်တင်ရန်၊ ပို့ကုန်အတွက် မဟာဗျူဟာမြောက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဖော်ထုတ်ရန်၊ အမျိုးသားအဆင့် မျိုးစေ့အသင်းဖန်တီးရန်၊ လက်ကားကဏ္ဍကို ကိုယ်စားပြုသည့် အသင်းတစ်ခုဖန်တီးရန်၊ ကုန်စည်ပြပွဲများတွင် ပါဝင်ရန်၊ နိုင်ငံတကာဈေးကွက်များတွင် အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရန်အတွက် ငါးလုပ်ငန်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ၏ တံဆိပ်ကောင်းရရှိမှုကို တည်ဆောက်ရန်၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားသာစေသည့် ဥပဒေအသစ်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်ရန်၊ ဝက်၊ အမဲ၊ ဆိတ် စသည့် အသားများမှ တန်ဖိုးမြင့် ထုတ်ကုန်များ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ယှဉ်ပြိုင်ထုတ်လုပ်နိုင်ရန်အတွက် စည်ပင်သာယာရေး ကော်မတီများက ကျင့်သုံးနေသော သားသတ်လိုင်စင်လေလံစနစ်ကို ဖျက်သိမ်းရန် စသည်တို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းအဆိုအား အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၊ နမ့်ဆန် မဲဆန္ဒနယ်မှ ဦးဝင်းထူး၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ တိုက်ကြီး မဲဆန္ဒနယ်မှ ဦးကျော်မြင့်၊ ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးတင်အောင်၊ ကျိုက်လက် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ဒီးမော့ဆို မဲဆန္ဒနယ်မှ ဦးပေါလ်ဆိုင်းနှင့် ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်တို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ကို ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန် ဦးဆောင်သည့် စီးပွားရေးတိုးတက်မှု ပုံစံရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် လေ့လာဆန်းစစ်ပြီး ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်လတ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်လတ်စီမံကိန်းတွင် မဏ္ဍိုင် ၅ ရပ်ပါဝင်ပြီး တန်ဖိုးမြင့် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်အမယ်စုံ တင်ပို့ရေးသည် အဓိက ကဏ္ဍတစ်ရပ်ပါဝင်ပါကြောင်း။
နိုင်ငံ၏ အဓိကထွက်ကုန်သည် တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်မှုတို့အတွက် ပြည်ပလုပ်ငန်းရှင်များကိုလည်း အားပေးဆောင်ရွက်လျက်ရှိရာ ငွေကြေးအရင်းအနှီးနှင့် နည်းပညာရရှိရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုများရှိပါကြောင်း၊ တဖက်တွင်လည်း ယင်းဝန်ကြီးဌာနသည် နိုင်ငံတကာတွင် တာဝန်ပေးထားသည့် စီးပွားရေးသံမှူးများမှတစ်ဆင့် ဈေးကွက်ဖော်ဆောင် နိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှုရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့် ပြည်ပပို့ကုန်အဖြစ် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်း ကုန်သွယ်မှုဗဟိုဌာနမှတစ်ဆင့် လေ့လာစိစစ်ပြီး စီးပွားရေးသံမှူးများ၊ ကုန်သွယ်ရေး အရာရှိများထံ ပေးပို့ပြီး ပြည်ပဈေးကွက် ဖော်ဆောင်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဈေးကွက်ရရှိရေး၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသပြီး ဈေးကွက်ထိုး ဖောက်ရေးနည်းလမ်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုရှင်တင်ပြထားသည်နှင့် ပတ်သက်၍ ကဏ္ဍများ ချိတ်ဆက်ပေါင်းစပ် ပါဝင်ဆောင်ရွက်သကဲ့သို့ အကောင်အထည်ဖော်မှု အပိုင်းတွင်လည်း အဆင့်လိုက် အကောင်ထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ရှိရင်းစွဲ နည်းပညာ၊ ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ်များကို အခြေခံပြီး ဆောင်ရွက်နေသည့်အလျောက် ယင်းအခြေခံများ ပိုမိုတိုးတက် ပြည့်စုံလာသည်နှင့်အမျှ အဆိုပါ လုပ်ငန်းစဉ် တစ်ရပ်သည် အချိန်နှင့်တပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မိမိဝန်ကြီးဌာနမှ ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြင့် ကုန်ပစ္စည်းများ ဖြစ်လာစေရန် ပြည်တွင်း၌သာ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ပြီး နိုင်ငံတကာကို ဈေးကွက်ချဲ့ထွင်နိုင်ရေး ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ချေးငွေများ အထောက်အပံ့ရရှိမှု၊ နည်းပညာ လိုအပ်ချက်၊ လူ့စွမ်းအားအရင်းအမြစ်၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် ခေတ်မီ အခြေခံအဆောက်အအုံများ တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လျက်ရှိသေးသည့် အခြေအနေဖြစ်သောကြောင့် ယခုလို အခြေအနေမျိုးတွင် ယခုအဆိုသည် မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်ဆဲ လုပ်ငန်းရပ်ကို အားဖြည့်ထောက်ကူမှု ပြုနေသည့်အတွက် အဆိုအား အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်နဝါရီ ၃၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)