နေပြည်တော် ၂၂ ဇန်နဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ အတွင်းရေးမှူးအဖြစ် ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောနှင့် အဖွဲ့ဝင် ၁၆ ဦးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လည်းကောင်း ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ရယူပြီး တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဖွဲ့စည်းကြောင်း ကြေညာသည်။
ထို့နောက် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့ အနောက်ဘက် နတ်မောက်မြို့နယ် နယ်စပ်ရှိ တိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန် သဖန်းချောင်း 33/11 KV 3MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်းကျေးရွာအုပ်စု၊ သီးပင်ကျေးရွာအထိ 33KV ဓာတ်အားလိုင်း (၁၄)မိုင်နှင့် 33/11 KV 3MVA ဓာတ်အား ခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပျော်ဘွယ်မြို့အနောက်ဘက် ရန်အောင်မြို့နယ်ရှိ တိုက်နယ်ဆေးရုံနှင့် ကျေးရွာ (၂၀) ဓာတ်အားရရှိရေးအတွက် ၃၃ ကေဗွီ ပျော်ဘွယ်-သဖန်းချောင်း ဓာတ်အားလိုင်းမှ ၃၃ ကေဗွီလိုင်း ၂၁ မိုင်၊ သီးပင်ကျေးရွာအနီး ၃၃/၁၁ ကေဗွီ (၃) အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်ခြင်းနှင့် ၁၁ ကေဗွီလိုင်း ဖီဒါ (၃) ခုအတွက် စုစုပေါင်း ၁၉ မိုင် တည်ဆောက်ပေးရန် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါ ၃၃ ကေဗွီ သီးပင်ဓာတ်အားခွဲ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၃၃ ကေဗွီ နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်ရန်ပုံငွေလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်တွင် ဆောင်ရွက်ပေးမည်သွားမည် ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကတ္တရာ ကားလမ်းမကြီးများ၏ လမ်းဘေးဝဲယာတွင် ကျေးရွာချင်းဆက်လမ်း မဟုတ်သော မြေသားတစ်ကြောင်း ထိုးလမ်းများ ဖောက်လုပ်ထားခြင်း၊ ဖောက်လုပ်နေခြင်းများကို တားဆီးရန် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ဝန်ကြီးဌာနပိုင် လမ်းများပျက်စီးမှု မဖြစ်ပေါ်စေရန်အတွက် လမ်းနယ်နိမိတ်အတွင်း ဝန်ကြီးဌာနမှ ခွင့်ပြုချက်မရှိဘဲ တစ်ကြောင်ထိုးမြေသားလမ်းများ ဖောက်လုပ်သွားလာခြင်း၊ လမ်းမကြီးများ၏ ဝဲ/ယာ လမ်းနယ်နိမိတ်အတွင်း၌ လမ်းမကြီးများကို ထိခိုက်ပျက်စီးစေသော ကိစ္စရပ်များဖြစ်ပေါ်လာလျှင် ကျူးလွန်သူ မည်သူမဆို အတည်ပြုရေးဆွဲထားသည့် လမ်းမကြီးများ ဥပဒေ အခန်း(၅) ပုဒ်မ(၇)၊ (၈)၊ (၉) တို့ပါ တားမြစ်ချက်များအရ ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ဒဂုံမြို့သစ်(တောင်းပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်နှင့် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင် တင်သွင်းသည့် နိုင်ငံတွင် တစ်နေ့တခြား လူဦးရေ ထူထပ်များပြားလာခြင်းကြောင့် နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စာကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
MDN