နေပြည်တော်  ၂၈   ဇန်နဝါရီ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်၏ ကျောင်းအပ်စ ကလေး များသည် ကျောင်းအပ်သောအခါ အသက်မပြည့်ပါက သို့မဟုတ် ၂ လ လိုပါက မြို့နယ် ပညာရေးမှူးလက်မှတ်လိုအပ်ခြင်း၊ ၃ လ လိုပါက ခရိုင်ပညာရေးမှူးထောက်ခံလက်မှတ် နှင့် အပ်ရခြင်းများ၊ ကျောင်းထွက်လက်မှတ်ယူပါက မြို့နယ်ခြားပြောင်းလျှင် မြို့နယ် ပညာရေးမှူးထောက်ခံချက်လက်မှတ်ထပ်ဆင့်ယူရခြင်းစသည့် ဟန့်တားချက်များကို ဖြေလျှော့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  အသက် ၅နှစ် မပြည့်သေးသော ကလေးများအား ကျောင်းအပ်လက်ခံရာတွင် ကျောင်းတွင်းစစ် ဆေးရေးအကဲဖြတ် အဖွဲ့၏ စိစစ်မှုဖြင့် အကဲဖြတ်ပြီး ကျောင်းနေရန် အဆင်သင့် ဖြစ်သည်ဟု  ဆုံးဖြတ်ပါက ချက်ချင်းလက်ခံသင်ကြားစေပါကြောင်း၊ အဆိုပါ ကလေးများနှင့် ပတ်သက်၍  မြို့နယ် ပညာရေးမှူးနှင့် ခရိုင်ပညာရေးမှူးတို့ထံ တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်ရ ခြင်းမှာ ရုံးလုပ်ငန်းသဘောတရားအရ နောင်တွင် အရှုပ်အရှင်းမရှိဘဲ ပွင့်လင်းမြင်သာ စွာဖြင့် မှတ်တမ်းထားရှိရန်အတွက်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှု အခွင့်အလမ်းကို အနှောင့်အယှက် အဟန့်အတား မဖြစ်စေနိုင်ပါကြောင်း။

 

အခြေခံဦးစီးဌာနမှ ၂၀၁၈ခုနှစ် မေလတွင် အုပ်ချုပ်မှုသင်တန်းကျောင်း (ထောက် ကြန့်)၌ ဖွင့်လှစ်ခဲ့သည့် ပညာရေးစီမံခန့်ခွဲသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းမှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်ခြားပြောင်းသော ကျောင်းထွက်လက်မှတ် (TC) များတွင်သာ မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက် ထပ်ဆင့်ရေးထိုးရန် လိုအပ် ကြောင်း ညွှန်ကြားထားရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ မြို့နယ်ခြားပြောင်း (TC) များတွင်မူ မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက်လက်မှတ် ထပ်ဆင့်ရေးထိုးရန် မလိုအပ်တော့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း မြို့နယ်ခြားပြောင်း (TC) များအတွက် ကျောင်းအုပ်မရှိဘဲ တာဝန်ခံကျောင်းအုပ်သာရှိသည့် ကျောင်းများမှ (TC) များအတွက်ကိုသာ မြို့နယ်ပညာရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်လက်မှတ် ရယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်၏ ဝေးလံခေါင်သီဒေသ အဖြစ် သတ်မှတ်၍ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသော မြို့နယ်များမှ တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့် တက္ကသိုလ်ကောလိပ် များနှင့် အဆင့်မြင့် သင်တန်းကျောင်းသို့ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝေးလံခေါင်သီသော ဒေသများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် လုပ်ငန်း ခွင်အကြိုဆရာ အတတ်ပညာ ဒီပလိုမာသင်တန်း ရွေးချယ်ရေးမူအရ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်၍၊ ပညာရေးကောလိပ်သင်တန်းဝင်ခွင့် လျှောက်ထားသူများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ခံချက်ဖြင့် တက်ရောက်ခွင့်ပြု ရန် သက်ဆိုင်ရာပညာရေးကောလိပ်များတွင် သတ်မှတ်ထားသော လက်ခံ သင်ကြား ပေးမည့်ဦးရေ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ လက်ခံဆောင်ရွက်လျက် ရှိပါကြောင်း၊  စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင်  တက္ကသိုလ်ဝင် ခွင့်လျှောက်ထားရမည့် ဝင်ခွင့်သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက တိုင်းဒေ သကြီး၊ ပြည်နယ်ခွဲတမ်းဖြင့် ဝင်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် တက္ကသိုလ်အချို့တွင် ဝေးလံခေါင်သီဒေသများမှ လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်အသီးသီးတွင် Quota ဖြင့် လက်ခံ မည့်ဦးရေ၏ ၂ ရာခိုင်နှုန်းအထိ လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်၏ အခြေခံပညာ(၁၀)တန်းစာ မေးပွဲရမှတ်ဖြင့်  တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ခြင်းကြောင့် အခြေခံပညာကလေးများ၏ လက်တွေ့ဘဝဖွံ့ဖြိုးမှုကို ထိခိုက်နေခြင်း  အပေါ်  ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  အခြေခံ ပညာအထက်တန်းအဆင့်ပြီးမြောက်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ဘဝအတွက် သက်မွေးသင်တန်းများ၊ ဘွဲ့ကြိုသင်တန်းများ၊ ဒီပလိုမာသင် တန်းများ တက်ရောက်ပြီး  အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အဆင့်မြင့်ပညာ တက္ကသိုလ်များသို့ တက်ရောက်သင်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်များသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားပြီး သင်ယူခွင့် ရရှိရေးနှင့် သက်မွေးသင်တန်းများ၊ အဆင့်အလိုက်ကျွမ်းကျင် မှုသင်တန်းများ၊ ဘွဲ့ကြိုဒီပလိုမာ များတက်ရောက်ပြီးနောက် အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်သင်ယူနိုင်ရေး အတွက် တစ်သက်တာသင်ယူမှု လမ်းကြောင်းကိုလည်း ဖန်တီးပေးရန် စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း။

 

ထို့အပြင် ယခုနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ကျောင်းများတွင် ဖြေဆိုသည့် အခြေခံပညာအထက်တန်းစာမေးပွဲများမှအောင်မြင်သူများကို အခြေခံပညာ အထက် တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကို ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိနှစ်သက်ရာအသက်မွေးဝမ်းကျောင်း ပညာရပ်များကို လုပ်ငန်းခွင့်မပျက်ဘဲ သင်ကြားသင်ယူနိုင်မည့် အခွင့်အလမ်း ပိုမိုရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ လက်ရှိ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၁၇) အရ ဆောင်ရွက်နေသော ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအရ အခြေခံပညာကဏ္ဍ တွင် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ဘဝဖွံ့ဖြိုးမှုအတွက် များစွာအထောက် အကူပြုပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် တသက်တာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်  အနာဂတ်လူ့စွမ်းအား ရင်းမြစ် လူငယ်မျိုးဆက်များ၊ နိုင်ငံ့သားကောင်းသမီးမွန်များအဖြစ် ပြုစုပျိုးထောင် သင်ကြားသင်ယူမွေးထုတ်ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထား ဦးတည်ကြိုးပမ်း ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍  မြိုင် မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်း၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီ ဖန်၊ မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေးနှင့် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့က ရှင်း လင်းဖြေကြားကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးအောင်သိန်း က ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍  ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်က ဒစ်ဂျစ်တယ် စာတတ် မြောက်မှု  (Digital Literacy) အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် အဆင့်စီမံကိန်းနှင့် နှင့် (Digital Literacy Framework) မူဘောင်ရေးဆွဲ ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ တွင် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် တိုးတက်များပြားလာသော် လည်း မိုဘိုင်းဖုန်းနည်းပညာကို မည်ကဲ့သို့လုံခြုံစိတ်ချစွာနှင့် အကျိုးရှိစွာသုံးစွဲရမည်ကို သိရှိကျင့်သုံးနိုင်မှု အခွင့်အလမ်းနှင့် အသိပညာနည်းပါးနေခြင်းတို့သည် နောက်ခံအ ကြောင်းရင်းတစ်ရပ်ဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံသည် မကြာသေးမီက ဒေသတွင်း အာဆီယံ နိုင်ငံများအကြားတွင် အွန်လိုင်းဈေးရောင်းခြင်းနှင့်  ငွေပေးချေ ခြင်း ဆိုင်ရာ ASEAN e-Commerce တွင် လက်မှတ်ရေးထိုး၍ အဖွဲ့ဝင် ဖြစ်လာခဲ့ပါ ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်ဖြစ်သည့်  ပန်းတိုင်အမှတ်(၄)တွင် အရည် အသွေး ပြည့်ဝသည့် ပညာရေးစနစ်နှင့် အမှတ်(၈)တွင်  ဂုဏ်သိက္ခာရှိသည့်၊ ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ပြည့်မီစေရန်အတွက် Digital Literacy  သည် အလွန်အထောက်အကူဖြစ်စေသောကြောင့် အဆိုတင်သွင်း ရခြင်းဖြစ်ပါကြောင်း။

 

မိမိတို့အများအသုံးပြုနေသည့် ၇၅ ရာခိုင်နှုန်းသော မိုဘိုင်းဖုန်းသည် စမတ် ဖုန်းများ ဖြစ်ပါကြောင်း၊ စမတ်ဖုန်းများသည် ကွန်ပျူတာတစ်လုံးကဲ့သို့ စွမ်းဆောင်ရည် ရှိသော်လည်း အပြည့်အ၀ အသုံးမချနိုင် ဖြစ်နေပါကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် ပညာရေးအခွင့်အလမ်းတို့အတွက် အထောက်အကူပြု အသုံးချနိုင်သည့် အထိ အသုံးမပြုနိုင်ကြဘဲ လူမှုကွန်ရက်တွင်သာ အချိန်ကုန်နေပါကြောင်း။

 

အာဆီယံမှ ပေးနေသည့် အဝန်းအဝိုင်းမိသားစုထဲတွင် ပါဝင်နေသော်လည်း မိမိ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပညာရေးနှင့် စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်း များတွင် Digital  Age မှ ပေးသည့်အကျိုးအမြတ်များကို ခံစားနိုင်မည် မဟုတ်ပါ ကြောင်း၊  အစိုးရမှ နိုင်ငံတော်အဆင့် စီမံကိန်းအနေဖြင့် Digital Literacy Framework ရေးဆွဲချမှတ် ဆောင်ရွက်ရန်လိုပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍  သိန္နီ မဲဆန္ဒနယ်မှ  ဦးစိုင်းဦးခမ်းက အဆိုအား လက်ခံ ဆွေးနွေး ရန် ထောက်ခံတင်ပြသည်။  

  

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် များကို ကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ အဆံုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်း တစ်ရပ် လုံးကိုအတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)

 

111