နေပြည်တော်  ၃၁ ဇန်နဝါရီ


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်  ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုးက ဗန်းမောက်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် စံပြမူကြိုကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် မြို့နယ် စံပြမူလတန်းကြိုကျောင်းအတွက် မြေနေရာရရှိရေး စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇန်နဝါရီ ၁၀ ရက်က ထပ်မံညှိနှိုင်းထားရှိပြီး ဖြစ်ပါကြောင်း၊ မြေနေရာ အခက်အခဲရှိသည့် မြို့နယ်များ တွင် ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ရန်ပုံငွေဖြင့် ဝယ်ယူ၍ မူကြိုကျောင်းများ ဆောက်လုပ်ပေးလျက် ရှိပါကြောင်း၊ ဗန်းမောက်မြို့နယ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေနေရာရရှိပါက အနီးဆုံး ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် မြို့နယ်စံပြ မူကြိုကျောင်း ဆောက်လုပ်နိုင်ရန်အတွက် ထည့်သွင်းတောင်းခံ၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ဆော့လော်နယ်စပ်မှ ခီဆီဒီကျေးရွာ အထိ(၂၈)မိုင်အား မြေသား လမ်းဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ဝန်ကြီးဌာနအနေဖြင့် အကျိုးပြုသည့်ကျေးရွာ၊ အိမ်ထောင်စု၊ လူဦးရေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဘဏ္ဍာငွေလိုအပ်ချက်၊ အကောင်အထည်ဖော်ရမည့် အချိန်ကာလ စသည့် တွေ့ရှိချက်များကို  ဒေသအတွင်းသို့ အသေးစိတ် နယ်မြေကွင်းဆင်း ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တင်ပြလာမည်ဆိုပါက ဝန်ကြီးဌာန၏ ပြည်ထောင်စု ၅ နှစ် ဖွံ့ဖြိုးရေးရန်ပုံငွေ တတိယ ၅ နှစ် စီမံကိန်းတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍  နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၊ ဆော့လော် မဲဆန္ဒနယ်မှ ဦးလာမာလေးနှင့် ဘုတ်ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်းဖြေကြားသည်။


ထို့နောက် ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြားပေးပါရန်နှင့် မူကြိုကျောင်းများတွင် အာဟာရကျွေးမွေးနိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက်ထည့်သွင်း ပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် မြင်သာထင်သာသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအပြင် လတ်တလောမြင်သာခြင်း မရှိသော်လည်း များစွာအကျိုး ထိရောက်နိုင်မည့် မူကြိုအရွယ်ကလေးများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးမှုအတွက် ထိရောက်သည့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည့်အတွက် အဆိုတင် သွင်းရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် (၅)နှစ်အောက်ကလေး (၄ ဒသမ ၅)သန်း ရှိနေသည့်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ တာဝန်ယူထားသော မူကြိုကျောင်း အရေအတွက်သည် လိုအပ်ချက်များလွန်းနေ သေးသည်ကို သိသာနေပါကြောင်း၊ အဆိုပါ မူကြိုကျောင်း အများစုသည် မြို့ပေါ်တွင်သာ အများစုဖြစ်ပြီး မူကြိုကျောင်း မရှိသည့် မြို့များလည်း များစွာရှိနေပါကြောင်း။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်တွင် တစ်ထောင်ခန့်မျှသော မူကြိုကျောင်းများတွင်သာ လေ့ကျင့်ပေးထားသော အရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများဖြင့် စနစ်ကျသော သင်ကြားမှုနှင့် အာဟာရထောက်ပံ့မှု ရနေခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလွန်နည်းပါး နေသေးပါကြောင်း၊ အထူးသဖြင့် ကျေးလက်တောရွာများရှိ အစိုးရ၏ ထောက်ပံ့မှု ရရှိခြင်းမရှိသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများနှင့် ဝေးလံခေါင်ဖျားသော တိုင်းရင်းသားဒေသများ၊ ပဋိပက္ခဖြစ်နေသည့် မငြိမ်းချမ်းသော နေရာများနှင့် ဒုက္ခသည်စခန်းများမှ ကလေးများအတွက် ကောင်းမွန်ထိရောက်ပြီး လက်တွေ့ကျသည့် စီမံခန့်ခွဲမှုများ ထောက်ပံ့မှုများ လိုအပ်နေပါကြောင်း၊ မည်သည့်ကလေး တစ်ဦးတစ်ယောက်မျှ ဖွံ့ဖြိုးမှု နောက်ကျစေခြင်း မရှိရန်အတွက် ကူညီထောက်ပံ့ပေးရန်မှာ မိမိတို့အားလုံးတွင် တာဝန်ရှိနေပါကြောင်း၊ ထို့ကြောင့် အသက် (၃)နှစ် မှ (၅)နှစ် အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာဆရာမများ လေ့ကျင့်သင်ကြားပေးပါရန်နှင့် မူကြိုကျောင်းများတွင် အာဟာရ ကျွေးမွေးနိုင်ရန်အတွက် သင့်တော်သော ဘတ်ဂျက်ထည့်သွင်း ပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးပေးပါရန် တင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ယင်းနောက် အဆိုအား လက်ခံဆွေးနွေးနိုင်ရန်အတွက် တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  အမျိုးသားလွှတ်တော်မှ  ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန်က အစီရင်ခံစာအား ဖတ်ကြားတင်သွင်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။


ဆက်လက်၍  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ၂၀၁၈ ခုနှစ် လောင်းကစား ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို သဘောတူသောကြောင့် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိရာ သဘောကွဲလွဲသည့် အချက် ၇ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာ ဝေဖြိုးအောင်က အဆိုတင်သွင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြခဲ့သည့် သဘောကွဲလွဲသည့် အချက် ၇ ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့့်(သတင်းစဉ်)