နေပြည်တော်  ၂၇  သြဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချမ်းမြသာစည် မဲဆန္ဒနယ်မှ ဒေါက်တာဦးစိုင်းလှသိန်း၏ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများထွက်ရှိရန် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ထားသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ(မူကြမ်း)တွင် အခန်း(၇)ခန်းနှင့် နည်းဥပဒေ ၃၀ ပါရှိပါကြောင်း၊ အခန်း (၁)တွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂)တွင် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အခန်း(၃)တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခန်း(၄)တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ အခန်း(၅)တွင် အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ အခန်း(၆)တွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အခန်း(၇)တွင် အထွေထွေတို့ ပါဝင်ပါကြောင်း။

 

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ (မူကြမ်း)ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခဲ့ရာ သဘောတူခွင့်ပြုပြီး ဖြစ်သည့်အတွက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်  သြဂုတ် ၂၃ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၃၇ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၁၅၇ ပုဒ်မခွဲ (က)တို့အရ လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ ရွေးကောက်ပွဲကာလ မဟုတ်သည့် အချိန်တွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း) ဟု ရေးသားကြေညာခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ရွေးကောက်ပွဲကာလ မဟုတ်သည့် အချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ရေးသားကြေညာခြင်းသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် ညီညွှတ်မှု မရှိပါကြောင်း၊ ထိုသို့ ရေးသားကြေညာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်သုံးစွဲကာ ၎င်း၏ ပြုမူဆောင်ရွက်ချက်များအပေါ် အခြေပြု၍ သက်ဆိုင်ရာ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဆက်လက်ဆောင်ရွက် သင့်ပါကြောင်း။

 

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အလားတူဖြစ်စဉ်များ၊ မည်မျှရှိပါသနည်း မေးခွန်းနှင့် စပ်လျဉ်း၍ ယခင်ကဖြစ်စဉ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခြင်းမရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နောင်အလားတူဖြစ်စဉ်များ မပေါ်ပေါက်စေရန်အတွက် ရွေးကောက်ပွဲကာလ မဟုတ်သည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သည့် ပုဂ္ဂိုလ်များသို့ ကြေညာချက် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ မတ်ပဲစိုက် တောင်သူများ အကျိုးအမြတ် ရရှိစေရန်အတွက် နိုင်ငံတကာတွင် ခိုင်မာသော ဈေးကွက်ရရှိအောင် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မတ်ပဲအပါအဝင် ပဲမျိုးစုံတင်ပို့မှု တိုးတက်ရန်နှင့် ဈေးကွက် ရရှိစေရေးအတွက် မြန်မာနိုင်ငံ၏ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉)အရ မတ်ပဲ အပါအဝင် ပဲမျိုးစုံကို ဦးစားပေး မြှင့်တင်ရမည့် ကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းထားရှိခဲ့ပါကြောင်း၊ လာမည့် အမျိုးသား ပို့ကုန်မဟာဗျူဟာတွင်လည်း ပဲမျိုးစုံကဏ္ဍကို ဦးစားပေးမြှင့်တင်ရမည့် ကဏ္ဍအဖြစ် ဆက်လက်ထည့်သွင်း ထားရှိပါကြောင်း။

 

ပြည်ပသို့ အများဆုံး တင်ပို့သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများ အပါအဝင် လယ်ယာထွက်ကုန် သီးနှံများ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့လာစေရန်အတွက် တာဝန်ရှိသူများ၏ နိုင်ငံတကာ ခရီးစဉ်များတွင် လည်းကောင်း၊ ပြည်တွင်း ဆွေးနွေးမှုများတွင် လည်းကောင်း ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ ဒေသထွက်ကုန် အသင်းအဖွဲ့များဖြစ်သည့်  မြန်မာနိုင်ငံ ဆန်စပါးအသင်း၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်အသင်းတို့နှင့် စဉ်ဆက်မပြတ် တွေ့ဆုံ၍ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေသော လယ်ယာထွက်ကုန် သီးနှံများကို ဝယ်ယူနေကျ ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းမရှိသည့် အချိန်တွင် ဈေးကွက်မပျက်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပို့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ ပြည်တွင်းလုပ်ငန်းများတွင် နိုင်ငံခြားသားပိုင် ဘဏ်များအား အသုံးပြုခွင့်ကို မည်သို့ခွင့်ပြုထားပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှု မရှိစေရန်နှင့် ပုဂ္ဂလိကကဏ္ဍတွင် ငွေရေးကြေးရေး အဖွဲ့အစည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခွင့်ပြုရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်း၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ SME ချေးငွေများကို ယခုကျင့်သုံးနေသော စနစ်ထက် ပိုမိုဖြေလျှော့ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဗဟိုဘဏ်အနေဖြင့် NPL ကို သတ်မှတ်ရာတွင် ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ် မူတည်၍ သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နောက်ပိုင်း ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာများအား ထုတ်ပြန်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိိုးသိန်းက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဦးပါထန်းက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်း ကော်မတီက သဘောတူသင့်ကြောင်း တင်ပြထားသည့် အချက် ၂၀၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ချက် ၃ ချက်၊ ပြည်သူ့လွှတ်တော်မှ ယခင် အတည်ပြုချက်အတိုင်း ထားရှိသင့့်သည့်အချက် ၂ ချက်တို့ကို တင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက  အဆိုတင်သွင်းသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သဘောကွဲလွဲသည့် အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး တင်သွင်းသည့် စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော် ပိုင်စက်ရုံများမှ နိုင်ငံပိုင်စက်ရုံ၊ ပုဂ္ဂလိကပိုင် ပြုလုပ်လိုသည့် စက်ရုံ၊ ပုဂ္ဂလိက ပူးပေါင်းထားပြီး စက်ရုံ၊ စက်မှုနယ်မြေနှင့် လတ်တလော ရပ်ဆိုင်းထားသော စက်ရုံများအား ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှု မရှိစေရန်နှင့် နိုင်ငံတော်အတွက် အမြန်ဆုံး အကျိုးရှိအောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် အရှုံးအမြတ်ကို စီးပွားရေး အမြင်တစ်ခုတည်းဖြင့် သုံးသပ်မည့်အစား အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးအတွက် အကျိုးသက်ရောက်မှု ဖြစ်လာနိုင်သည်အထိ နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်သင့်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြန်လည်တည်ဆောက်နေသည့် ကာလတွင် တိုင်းပြည်၏ အခြေခံလိုအပ်ချက်များအပေါ် ဖြည့်တင်းပေးရမည် ဖြစ်ပါကြောင်း၊ ရပ်ဆိုင်းထားသော စက်ရုံအချို့မှ ထုတ်ကုန်များသည် အနာဂတ်နိုင်ငံတော်အတွက် ကာကွယ်ရေး၊ တည်ဆောက်ရေး ဆက်စပ်စီးပွားရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ရှိသင့်သကဲ့သို့ ပြည်တွင်း သွင်းကုန်အစားထိုးနိုင်ခြင်း၊ သွင်းကုန်ဈေးနှုန်း ထိန်းချုပ်နိုင်ခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်နိုင်ခြင်း စသည့် နိုင်ငံအတွက် ကောင်းကျိုးများစွာ ရရှိနိုင်မည်ဖြစ်သောကြောင့် ယခု အဆိုအား ထောက်ခံရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။ 

 

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက စက်မှုဝန်ကြီးဌာနတွင်ရှိသည့် နိုင်ငံပိုင် စက်ရုံများဖြစ်သည့် အမှတ်(၁)၊ (၂)နှင့် (၃) အကြီးစား စက်မှုလုပ်ငန်းတို့သည် နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေပါကြောင်း၊ ထိုလုပ်ငန်းများသည် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်း၊ ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ ဝန်ထမ်းစရိတ်၊ လစာစရိတ် စသည့် စီမံခန့်ခွဲမှု စရိတ်များ၊ စက်ရုံပြင်ဆင်စရိတ်ကို နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်ခဲ့သည့် စက်ရုံများအတွက် ပေးဆပ်ရသည့် အကျိုးနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းတို့ကြောင့် နှစ်စဉ်အရှုံးများ ဖြစ်ပေါ်နေရပါကြောင်း၊ ထိုစက်ရုံများကို မည်သို့ စီမံဆောင်ရွက်သင့်သည်ကို စဉ်းစားသည့်အခါ မူဝါဒကို ပထမ စဉ်းစားရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကသို့ အကျိုးတူလုပ်ပိုင်ခွင့်ပေးရာတွင် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ရှိပြီးသည့် အခြေခံ အဆောက်အအုံများ၊ ကျွမ်းကျင်ဝန်ထမ်းများကို အကျိုးရှိစွာ အသုံးချရမည်ဖြစ်ပါကြောင်း၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ လွတ်လွတ်လပ်လပ် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေသည့် ပင်စင်လစာများကို ပင်စင်ရန်ပုံငွေအဖြစ်  ခွဲထုတ်သင့်ပါကြောင်း၊ မဖြစ်မနေထားရှိရမည့် လုပ်ငန်းများကိုသာ နိုင်ငံပိုင်အဖြစ်ထားရှိပြီး ကျန်ရှိသည့် လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲသင့်ပါကြောင်း၊ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပြီးသည့်အခါ စက်မှုဝန်ကြီးဌာနအနေဖြင့် မူဝါဒ ချမှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာစေခြင်း၊ ဈေးကွက်စနစ် မျှတအောင် ဆောင်ရွက်ပေးခြင်း၊ စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်တင်းပေးခြင်း၊ ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးခြင်းတို့ကိုသာ ဆောင်ရွက်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးတိုးလွင်က ယခုအဆိုသည် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု မရှိစေရန်နှင့် နိုင်ငံတော်အတွက် အကျိုးရှိစေရန် ဆောင်ရွက်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည့်အတွက် စက်ရုံများနှင့် စီမံကိန်းများ ရပ်ဆိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ လွှဲပြောင်းခြင်းများ ဆောင်ရွက်သည့် အခါတွင် ပြည်သူ့ဘဏ္ဍာငွေ အကျိုးအမြတ်နှင့် ဝန်ထုပ်ဝန်ပိုးတို့ကို စဉ်းစားသုံးသပ်ရန် လိုအပ်သကဲ့သို့ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ မိသားစုများ၊ စက်ရုံနှင့် ဆက်စပ်သော လုပ်ငန်းများ၊ ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ ဆောင်ရွက်သင့်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း မှားယွင်းစွာ ဆုံးဖြတ်မိပါက ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ခံစားရမည်မှာ ပြည်သူများသာဖြစ်သည်ကို သတိချပ်စေလိုကြောင်း အကြံပြုဆွေးနွေးသည်။

 

ဆက်လက်၍ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ဒိုုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းတို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက စက်မှုဝန်ကြီးဌာန လက်အောက်တွင် စက်ရုံ စုစုပေါင်း ၁၁၂ ရုံ ရှိပါကြောင်း၊ အဆိုပါ စက်ရုံများအနက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ဆောင်ရွက်နေသော စက်ရုံ ၅၅ ရုံရှိပါကြောင်း၊ ထိုစက်ရုံများတွင် ဖက်စပ်စက်ရုံ ၂ ရုံ၊  အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ၃ ရုံ၊ ကာလရှည် ငှားရမ်းမှုစက်ရုံ ၅၀ တို့ ပါဝင်ပါကြောင်း၊  နိုင်ငံပိုင် လုပ်ငန်းများအနေဖြင့် ဆောင်ရွက်နေသော စက်ရုံ ၅၇ ရုံ ရှိပါကြောင်း။

 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဆိုသည့် ခေါင်းစဉ်အောက်တွင် မူဝါဒချမှတ်ရေး တာဝန်များ၊ ကြီးကြပ်ရေး တာဝန်များ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ စီးပွားဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းများ အားလုံးကို ရောထွေး အကောင်အထည်ဖော် ဆောင်ရွက်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး အသွင်ပြောင်းလဲမှုများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံပိုင် စက်ရုံများကို ပုဂ္ဂလိက အသွင်ကူးပြောင်းမှုတွင် အလေးထား စဉ်းစားရမည့် အချက်ဖြစ်ပါကြောင်း၊ ပထမဦးဆုံး အသွင်ကူးပြောင်းမှုမှ ဖြစ်ပေါ်လာမည့် နိုင်ငံတော်၏ ပင်စင်လစာပေးရန် တာဝန်ရှိမှုများကို သေချာစွာ ကြိုတင်ခန့်မှန်း တွက်ချက်ရန် အထူးလိုအပ်ပါကြောင်း၊ နိုင်ငံပိုင်စက်ရုံများမှ ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပို့ချရေး၊ အသွင်ကူးပြောင်းမှု ခရီးစဉ် အဆင်ပြေချောမွေ့စေရန် စီမံဆောင်ရွက်ပေးရေးနှင့် သင့်လျော်ရာတွင် ပြန်လည်နေရာ ချထားရေးအတွက် စနစ်တကျ စဉ်းစားဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း။

 

စက်မှုဝန်ကြီးဌာနအနေဖြင့် တိကျရှင်းလင်းသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်း များချမှတ်၍ လိုအပ်သော နည်းပညာပံ့ပိုးမှုများ ကူညီထောက်ပံ့ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍ၏ ကုန်ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်သင့်သော နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက အသွင်ကူးပြောင်းရေးကို အထူးဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လက်ရှိ အကျိုးတူလုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်အတွက် အကျိုးရှိနိုင်ဆုံး အသင့်တော်ဆုံး ပူးပေါင်းဆောင်ရွက်မှု ပုံစံများဖြင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင် စက်ရုံများနှင့် ပတ်သက်သည့် ပြည်တွင်း၊ ပြည်ပကြွေးမြီများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ နိုင်ငံတော် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

နိုင်ငံပိုင်စက်ရုံများအား နှစ်ရှည်ငှားရမ်းခြင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်း၊ အကျိုးတူ ဆောင်ရွက်ခြင်းနှင့် အခြားနည်းလမ်းဖြင့် အသုံးပြုခြင်းများကို အဆိုပါ အဖွဲ့မှ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၊ NECC မှ အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်များဖြင့် အားဖြည့်ဖွဲ့စည်းပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသွင်ကူးပြောင်းမှုများကို မကြာမီကာလအတွင်း မြင်တွေ့နိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုအား ထောက်ခံပါကြောင်းနှင့် အတည်ပြုသင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို သြဂုတ် ၂၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်၊ ကျော်ဇင်ထိုက်